လူကုန်ကူးပြဿနာ ဝိုင်းဝန်းအဖြေရှာ

နိုင်ရဲဝင်း


ယနေ့ကမ္ဘာတွင် လူကုန်ကူးမှုပြဿနာသည် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှုတို့ပြီးလျှင် ထိပ်တန်းရောက်နေသည့် ပြဿနာ တစ်ရပ် ဖြစ်နေသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်းတွင် တစ်နိုင်ငံချင်းအလိုက်သာမက နိုင်ငံအများ စုပေါင်း၍လည်း တိုက်ဖျက်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဒေသတွင်း၊ နိုင်ငံတကာနယ်ပယ်၌ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လာခဲ့သည်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ခရီးလမ်းကို လျှောက်လှမ်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုပြဿနာကို ၁၉၉၇ ခုနှစ်မှစ၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုက်ဖျက်ခဲ့ပါသည်။ 

လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ

လူသားမျိုးနွယ်စုတစ်ရပ်လုံးနှင့် သက်ဆိုင်သော လူကုန်ကူးမှုသည်ကား ရာဇဝတ်မှုဆိုင်ရာ ပြဿနာသာမက လူအချင်းချင်း ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်ပြဿနာ၊ လူ့အခွင့်အရေးကို လျစ်လျူပစ်ပယ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ပြဿနာဖြစ်၍ ဖြစ်စဉ်တိုင်းသည် သမားရိုးကျမဟုတ်ဘဲရှုပ်ထွေးသည်။ လွယ်လွယ်ကူကူ ဖြေရှင်း၍မရနိုင်ဘဲ ရှုထောင့်မျိုးစုံမှ ကဏ္ဍပေါင်းစုံချိတ်ဆက်၍ ဖြေရှင်းရလေ့ရှိသည်။

 

လူကုန်ကူးခြင်းသည် ကမ္ဘာတစ်ဝန်း တစ်နေ့တခြား လျင်မြန်စွာ ကြီးထွားလျက်ရှိသောပြစ်မှု၊ အဆိုးရွားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သဖြင့် မည်သည့်နိုင်ငံကမှ လက်မခံနိုင်ဘဲ အထိရောက်ဆုံး နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်တိုက်ဖျက်နေကြရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (UN Charter) Article (2)  နှင့် Article (3)  တို့တွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တိကျစွာဖော်ပြထားရှိပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့က အတည်ပြုခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights-UDHR)  နှင့် ကိုက်ညီမှုမရှိသည့် လူကုန်ကူးမှု ပြဿနာကို တအိုက်ဖျက်ရမည်မှာ နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း၏ မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများပင် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ခရစ်နှစ် ၂၀ဝဝ ပြည့်နှစ်က ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ အီတလီနိုင်ငံ ပလာမိုမြို့တွင် ထွက်ပေါ်လာသည့် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲ စာချုပ်များဖြစ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ် (TIP Protocol)၊ လူမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲစာချုပ် (SOM Protocol) တို့၌ ၂၀ဝ၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါသည်။ ၂၀ဝ၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ် အဆင့်အထိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့များဖွဲ့စည်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ရပ်ရွာအခြေပြုလူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များလည်း ဖွဲ့စည်းထားရှိကာ လုပ်ငန်းတာဝန်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ပူးပေါင်းဖော်ထုတ်

ထို့အပြင် ၂၀ဝ၄ ခုနှစ်၌ မဲခေါင်ဒေသအတွင်း ခြောက်နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း (COMMIT) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး၂၀ဝ၄ခုနှစ် (၂)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM 2) နှင့် ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေး (IMM 1)၊ ၂၀၁၀ ပြည့်နှစ်(၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM 7)၊ ၂၀၁၇ခုနှစ် (၁၂)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံအကြားဖြစ်ပွားသည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ် အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးထားခဲ့ပြီး အဆိုပါနားလည်မှု စာချွန်လွှာကို ပြန်လည်သုံးသပ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons, Especially Women and Children-ACTIP) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်၍ တက်ကြွစွာ ပူးပေါင်း ပါဝင်လျက်ရှိသည်။

 

မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနတို့အကြား လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နှစ်နိုင်ငံ Standard Operation Procedur  ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

 

နည်းဥပဒေရေးဆွဲ

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ယခင်ပြဋ္ဌာန်းခဲ့သည့် ၂၀ဝ၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ခေတ်စနစ်နှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရေးဆွဲကာ လွှတ်တော်တွင် အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ နည်းဥပဒေကိုလည်း ရေးဆွဲလျက်ရှိပါသည်။

 

လူကုန်ကူးမှုများကို ပိုမိုမှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အစိုးရရှေ့နေများအတွက် လမ်းညွှန်ချက် စာအုပ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များအကြား  ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ချက်စာအုပ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအတွက် စံလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ စာအုပ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ နယ်မြေစခန်း အမှုစစ်အရာရှိများနှင့် ဥပဒေအရာရှိများအကြား လူကုန်ကူးမှုခင်းများ ပူးပေါင်းစစ်ဆေး တရားစွဲဆိုရေး လမ်းညွှန်ချက်စာအုပ်များကိုလည်း ထုတ်ဝေနိုင်ခဲ့ပါသည်။ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ ပြစ်မှုတရားစီရင်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေရေး အစီအစဉ်များ ချမှတ်ခြင်း စသည့် ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

လူကုန်ကူးသူ (တရားခံ)များကို ဖော်ထုတ်အပြစ်ပေး အရေးယူခြင်းသာမက လူကုန်ကူးခံရသူ (Victims)များ၏ ဘဝကို ပြန်လည် ထူထောင်ရေးသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လာရန် ကဏ္ဍစုံမှ ဟန်ချက်ညီအောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လူကုန်ကူးမှု မှုခင်းများ မဖြစ်ပွားစေရန်ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များကို သုတေသနပြုလုပ်ခြင်းနှင့် စီမံချက်များကို ရေးဆွဲကာ အသိပညာပေးခြင်း ကဏ္ဍများကို နည်းလမ်းပေါင်းစုံဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ တောရွာနှင့် မြို့များပါမကျန် စာသင်ကျောင်းများအထိ ဖြန့်ကြက်ဆောင်ရွက်လျက်ရှိပါသည်။ အရေးပေါ် ခေါ်ဆိုနိုင်သည့် တယ်လီဖုန်း (Hotline) စနစ်များထားရှိကာ ဆက်သွယ်ရန် ဖုန်းနံပါတ်များကိုလည်း ဆက်သွယ်ရေး ဖုန်းလိုင်းကွန်ရက် များမှတစ်ဆင့် စာတိုများပေးပို့ ဖြန့်ဝေထားရှိပြီးဖြစ်သဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုလျက် ရှိပါသည်။ 

 

မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖြစ်ပွားမှုအပေါ် လေ့လာလျှင် အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းစသည့် ပုံစံငါးမျိုးတွေ့ရှိရပြီး ထူးခြားမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုပုံစံအသစ်ကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ပါသည်။ ၂၀ဝ၅ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းပြီးနောက် ၂၀ဝ၆ ခုနှစ်မှ၂၀၁၇ ခုနှစ်အထိ လူကုန်ကူးမှုပေါင်း ၁၆၀၉ မှု၊ လူကုန်ကူးသူ တရားခံ ၄၅၅၆ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ (ဠငခအငျာ) ၃၈၅၀ ကယ်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

 

မြန်မာနိုင်ငံသည်လည်း အခြားဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ ဝင်ငွေနည်းပါးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူများ များပြားလာခြင်းတို့မှာ လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နေပါသည်။ ထို့အတူ လူကုန်ကူး ခံရသူများမှ ပြစ်မှုကျူးလွန်သူအပေါ် ကျေးဇူးရှင်အဖြစ် တလွဲထင်မှတ်နေကာ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်မှာလည်း လူကုန်ကူးသူများ၏ အခွင့်အလမ်းတစ်ရပ် ဖြစ်နေပါသည်။ ထို့ကြောင့် ခေတ်သစ်ကျေးကျွန်စနစ်၏ မမြင်နိုင်သော နှောင်ကြိုးများဖြင့် ချုပ်နှောင်ထားရှိမှုကို ထိုးဖောက်ချေဖျက်နိုင်ရန်မှာလည်း လူကုန်ကူးမှုတိုက်ဖျက်ရေး အခန်းကဏ္ဍမှာ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ 

 

သို့ဖြစ်ပါ၍ “လူသားအချင်းချင်းစာနာဖို့ လူကုန်ကူးမှုတိုက်ဖျက်စို့” ဆောင်ပုဒ်ပါအတိုင်း တရားမျှတပြီး လုံခြုံသည့် လူ့အဖွဲ့အစည်း ထူထောင်နိုင်ရန်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးကို လူမှုတာဝန်အဖြစ်ခံယူပြီး လူကုန်ကူးတိုက်ဖျက်ရေးကို ကိုင်တွယ်ဖြေရှင်း လျက်ရှိရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။     ။