လူမှုရေးနှင့်သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေပွဲတွင် လင်္ကာဒီပချစ်သူ ပြဇာတ် ဖျော်ဖြေမည်

မန္တလေး ၂၀ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့်သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေအဖြစ် လင်္ကာဒီပချစ်သူ ပြဇာတ်ဖြင့် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း Mandalay Entertainment မှ သိရသည်။ 

 

မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့်သဘာဝဘေး ကာကွယ်စောင်ရှောက်ရေး ရန်ပုံငွေကပွဲကို ဒီဇင်ဘာလ ၁၃ ရက် ၊ ၁၄ ရက် ၊ ၁၅ ရက်မှာ မန္တလေးမြို့ အမျိုးသားပြဇာတ်ရုံတွင် ကျင်းပမည်ဖြစ်သည်။

 

 အဆိုပါ ကပွဲတွင် စာရေးဆရာ ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ပြဇာတ်ဖြင့် ကပြဖျော်ဖြေမည်ဖြစ်ပြီး သရုပ်ဆောင်လူမင်း၊ ဟန်ဇာမိုးဝင်း ၊ ဦးမိုးဝင်း ၊ ခါရာ ၊ တိုင်ရွန် ၊ ဝတ်မှုံရွှေရည်တို့က ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

 

''ဒီဝတ္တုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ စတင်ဝယ်ယူကတည်းက ပြသနာပေါင်း အခက်ခဲပေါင်းမျိုးစုံနဲ့ကြုံခဲ့ရပါတယ်။ ဒီပြသနာ အခက်ခဲတွေကို ရင်ဆိုင်ပြီးတော့ စင်တင်ပြဇာတ်အနေနဲ့ အသက်သွင်းပြီးပြချင်တာပါ။ ဒီဝတ္တုက ဂန္ဓဝင်မြောက်တဲ့ ဝတ္တုဖြစ်တာကြောင့် အလွန်တာဝန် ကြီးပါတယ် ။ ကြိုးစားပြီး ကပြဖျော်ဖြေသွားပါမယ်''ဟု Mandalay Entertainment တည်ထောင်သူ မဇွန်ဉုတ် က ပြောသည်။ 

 

လင်္ကာဒီပချစ်သူပြဇာတ်ကို ဒါရိုက်တာ မောင်သီက ဒါရိုက်တာအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဆရာချစ်ဦးညို၏သား လင်္ကာညိုက တွဲဖက်ဒါရိုက်တာအဖြစ် ဆောင်မည်ဖြစ်သည်။ 

 

''လင်္ကာဒီပချစ်သူဆိုတာ စာပေသမိုင်းမှာပြောပြော၊ ဆရာချစ်ဦးညို ဘဝအနေနဲ့ပြောပြော အောင်မြင်ခဲ့တဲ့ ဝတ္တုတစ်ခုပါ။ ဒါကြောင့်ကျွန်တော်တို့မှာ အလွန် တာဝန်ကြီးပါတယ်'' ဟု ဒါရိုက်တာမောင်သီက ပြောသည်။ 

 

မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့်သဘာဝဘေး ကာကွယ်စောင်ရှောက်ရေးရန်ပုံငွေက ပွဲလက်မှတ်များကို ယနေ့စတင်ရောင်းချနေပြီး လက်မှတ်ခနှုန်းထားများမှာ ငွေကျပ် ၁၅၀၀၀ ၊ ၃၀၀၀၀ ၊ ၅၀၀၀၀ နှုန်းဖြင့် ရောင်းချမည်ဖြစ်သည်။ 

 

အဆိုပါရန်ပုံငွေပွဲတွင် ဈေးရောင်းပွဲတော်လည်း ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၈၉ ခန်း လျာထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်