နေပြည်တော် ၂၆ မတ်
လူနာတင်ယာဉ်ဆိုင်ရာ အရည်အသွေးစစ်ဆေး အတည်ပြုချက်ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ချက် စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အကျိုးရှိထိရောက်ရေးအတွက် လူနာတင်ယာဉ်ဆိုင်ရာ အရည်အသွေးများသတ်မှတ်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် လိုအပ်သော လူနာတင်ယာဉ် ၅၅ စီးကို ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များရယူ၍ ယခင်နှစ်က ထုတ်လုပ်ပေးခဲ့ကြောင်း၊ လူနာတင်ယာဉ်များ အရည်အသွေး သတ်မှတ်စစ်ဆေးနိုင်ရေးအတွက် မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်များနှင့် ပြည်ပမှတင်သွင်းလာသော လူနာတင်ယာဉ်များကို အရည်အသွေး သတ်မှတ်စစ်ဆေးနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်ချက် အတည်ပြုနိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးကြရန်နှင့် လူနာတင်ယာဉ် စစ်ဆေးရေးလမ်းညွှန်ချက်၊ စစ်ဆေးမည့်နည်းလမ်းနှင့် သတ်မှတ်ချက်များ အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက လူနာတင်ယာဉ် အရည်အသွေး စစ်ဆေးအတည်ပြုချက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်(မူကြမ်း)အပေါ် တစ်ပိုဒ်ချင်းစီ အသေးစိတ် ဝိုင်းဝန်းဆွေနွေးကြသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ပထမအသုတ် ထုတ်လုပ်မှု၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ပြည်သူအတွက် အဖိုးနှုန်းချိုသာသည့် လူနာတင်ယာဉ်ပုံစံသစ်များကို မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်စစ်ဆေးရေးအဖွဲ့ သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


