နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟို ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးကြမည့် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့ကျွမ်းကျင်သည့် ဘာသာရပ်များအလိုက် အသိပညာများ၊ အတတ်ပညာများ၊ မှတ်သားလေ့လာခဲ့သည့် ပညာဗဟုသုတနှင့် ရသစာပေများကို အချင်းချင်းမျှဝေပြီး ၂၁ ရာစု ဗလငါးတန်ဖြစ်သည့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်သည့် အရည်အသွေး (PQ)၊ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့်အရည်အသွေး (CQ)၊ ဘဝရှင်သန်နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး(SQ)၊ စိတ်နှလုံးခံစားမှု အရည်အသွေး (EQ)၊ ဉာဏ်ရည်ဉာဏ်သွေး(IQ)များနှင့် ပြည့်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုဆွေးနွေး ပွဲမှတဆင့်ရရှိလာသည့် အတွေ့အကြုံကောင်းများကို လေ့လာမှတ်သား၍ နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ပြီး ဗလငါးတန်ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ ကိုင်ရှင်များ၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင်ပါဝင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပြီး မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း(MYDA) ဥက္ကဋ္ဌက အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို “Building a Resilient and Innovative Future” ခေါင်းစဉ်ဖြင့် ကျင်းပပြီး လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ခြင်း၊ ပိုမိုကောင်း မွန်သောအနာဂတ်အတွက် သင်ယူမှုအသစ်များလေ့လာခြင်း၊ ပညာရေးမှတဆင့် လူငယ်များအား စွမ်း ဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဆန်းသစ်တီထွင်ခြင်း ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား လူငယ်များမှ ဦးဆောင်အဖြေရှာခြင်း၊ လူငယ်များ၏အင်အားဖြင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖန်တီးခြင်း၊ အောင်မြင်မှုအတွက် ကျွမ်းကျင်မှုများ၊ ရေရှည်ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် စည်းလုံးညီညွတ်မှုတို့အား စာနာနားလည်မှုစိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကာ လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ရုပ်သိမ်းလိုက်သည်။
ပထမနေ့ လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့မှ လူငယ်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


