စစ်တွေ ဇန်နဝါရီ ၈

 

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ် ကိုယ်စားလှယ်များက ဆွေးနွေး တင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင် အားလုံး ပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များမှာ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (Youth Policy Paper) ကို ရေးဆွဲတင်ပြရန် စသော ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) သို့ ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ လူငယ်ငြိမ်းချမ်း ရေးဖိုရမ် ၂၀၂၆ သို့ ရခိုင်ပြည်နယ် ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ ကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက painting for Peace အတွေးနှင့်ပတ်သက်၍ ရေးဆွဲထားသည့် ပန်းချီပုံများနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းကို ပြသကာ လူငယ်ကိုယ်စားလှယ်များက “ရခိုင် တို့မြေ လာခဲ့လေ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ကပြဖျော်ဖြေပေးကြသည့် လူငယ်ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)