လူငယ်တွေ စာအပြင် ဗလငါးတန်ဖွံ့ဖြိုးဖို့ကလည်း အရေးကြီးပါတယ်

မန္တလေး  ၁၄  သြဂုတ်

 

မန္တလေးတက္ကသိုလ်၌ ဩဂုတ် ၁၁ ရက်မှစ၍ ၁၃ ရက်အထိ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသူများနှင့် စာရေး ဆရာကြီးများ၏ သုံးသပ်အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။

 

ဒေါက်တာဇော်မြင့်မောင် (ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ )

 

“ဒီပွဲကို သီးသန့်လာအားပေးတာပါ။ တော်တော်အောင်မြင်ပါတယ်။ တော်တော်လည်း စည်ကားပါတယ်။ လူငယ်တွေ စာအပြင် ဗလငါးတန်ဖွံ့ ဖြိုးဖို့ကလည်း အရေးကြီးပါတယ်။ ဒီပွဲရဲ့အဓိကရည်ရွယ်ချက်က အသိပညာ၊ အတတ်ပညာနဲ့ ကျင့်ဝတ်တန်ဖိုး အပါအဝင် ဗလငါးတန်ဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတို့ကို မြှင့်တင်ပေးနိုင်ဖို့နဲ့ အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းကို လူငယ်တွေရဲ့ အတွေ့အကြုံကောင်းတွေနဲ့ တည်ဆောက် အကောင်အထည် ဖော်နိုင်ဖို့ဆိုတဲ့ အရာတွေပါပဲ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားတာရှိတယ်။ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ရော မိဘအုပ်ထိန်းသူတွေရော အခြားသက်ဆိုင်တဲ့ သူတွေပါ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်”။

 

စာရေးဆရာ ချစ်ဦးညို

 

“အခုလုပ်နေတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ဟာ တစ်နှစ်က ရန်ကုန်မှာလုပ်တဲ့ ပွဲတော်ထက်ပိုပြီး စည်ကားတာ တွေ့ရတယ်။ ဧရိယာပိုပြီး ကျယ်ဝန်းတာကြောင့်လည်း ပါမယ်ထင်တယ်။ အမျိုးအမယ်တွေလည်း စုံတယ်။ ဖျော်ဖြေရေး၊ အားကစား၊ ပြခန်းတွေစုံလင်တယ်။ ဒီပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တော်တော်လေးအားရ ဝမ်းသာကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတွေ၊ ကျောင်းတွေကလည်း လာလိုက်ကြတာ အများကြီးပဲ၊ ကိုယ်ပိုင်ကျောင်းတွေကရော၊ အစိုးရကျောင်းတွေကရော တွေ့ရတယ်။ ကျွန်တော်တွေ့ရတာက လာရောက်တဲ့ကလေးတွေက စာအုပ်တွေ ဝယ်ယူကြတယ်။ ဆရာ၊ ဆရာမတွေကလည်း ဝယ်ခိုင်းတယ်။ အဲဒီတော့ ဒီကလေးတွေက သူတို့ရတဲ့ မုန့်ဖိုးလေးတွေနဲ့ ဒီစာအုပ်တွေကိုဝယ်ယူ အသုံးချတာကိုတွေ့တော့ စိတ်ထဲမှာစာရေးဆရာ တစ်ဦးအနေနဲ့ ကြည်နူးမိတယ်။ လူငယ်တွေ စာမဖတ်ဘူး။ စာမဖတ်ဘူးဆိုတဲ့ လူကြီးတွေရဲ့ တစ်ဖက်အမြင်ကိုလည်း ပြောင်းလဲသွားနိုင်မယ်လို့ ယူဆပါတယ်”။

 

“ကလေးတွေက ကိုယ်ဘာကို ဝါသနာပါမှန်း သေချာမသိဘူး။ ဘာကို ဝါသနာပါသလဲဆိုတာလည်း မစူးစမ်းမိဘူး။ သူတို့ထူးချွန်နိုင်မယ့် သူတို့ဝါသနာဟာ ဘာမှန်းမသိကြဘူး။ ဒီပွဲတော်ကို လာခြင်းအားဖြင့် သူတို့က ကိုယ်ဘာကို ဝါသနာ ပါသလဲ ဆိုတာကို သိသွားမယ်။ ပြောရရင် လူငယ်လေးတွေ မိမိတို့မှာစွဲစွဲမြဲမြဲရှိနေတဲ့ ဝါသနာကို ဆွဲထုတ်ပေးတဲ့ ပွဲတော်လို့ အမည်တပ်လို့ရတယ်။ လူငယ်ပွဲတော်ဟာ ဘက်စုံပြထားတာတွေ ပါဝင်တဲ့အတွက် ကိုယ်ကဘယ်ဘက်မှာ ငါလေ့လာ လိုက်စားချင်သလဲ၊ ဘယ်ဘက်မှာ ထူးချွန်မလဲဆိုတာ သူတို့ကိုယ်သူတို့ သိသွားမယ်။ အဲ့ဒါကို ဖွင့်ပေးလိုက်တာ။ လူငယ်ဘက်စုံ ပွဲတော်ဆိုတာကတော့ ကျွန်တော်ထင်တယ်။ ဒါကအစိုးရရဲ့ လှုပ်ရှားမှုတစ်ခုပဲ။ ပွဲတော်ကတော့ အောင်မြင်ပါတယ်။ ပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ခါတိုင်းလို ငြိမ်းချမ်းရေး စကားဝိုင်းမဟုတ်ဘဲ စာပေစကားဝိုင်း လုပ်သွားတာဆိုတော့ အင်မတန်ကောင်းတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်သွားတယ်။ ရည်ရွယ်ချက်လည်း အောင်မြင်တယ်လို့ ပြော ရမယ်”။

 

စာရေးဆရာ ညီပုလေး

 

“ဒီပွဲတော်လုပ်လိုက်တာ ကောင်းတယ်ဗျ။ ကျွန်တော်ကတော့ သဘောကျတယ်။ ဒီပွဲကို လာတဲ့အချိန် ကျွန်တော် ပြန်ကြားရတာကတော့ ကလေးတွေ စာဖတ်ချင်စိတ်ပေါ်တယ်ဗျ။ တချို့လူတွေကတော့ စကားဝိုင်းမှာ ကလေးတွေကို အားမရဘူးလို့ ပြောကြတယ်။ ကျွန်တော်ကတော့ လူကြီးတစ်ဦးရဲ့ အမြင်အရ ကလေးအချင်းချင်းကျတော့ ကျွန်တော်ပြောတာထက် ကလေးတွေ ပြောတာက ပိုပြီးရင်ထဲရောက်တယ်။ တကယ့် တကယ်တော့ လူ ၂၀ က နည်းနည်းများတယ်။ စီးပွားရေးသမားတွေနဲ့ စကားဝိုင်းတစ်ခုလည်း လုပ်ပေးစေချင်တယ်။ ဒီပွဲတော်မှာ လူငယ်လေးတွေရဲ့ စကားဝိုင်းကို ကျွန်တော် ကြိုဆိုပါတယ်။ တစ်ဦးချင်း မိတ်ဆက်ပြီး ပြောကြတာထက် တစ်ဦးနဲ့တစ်ဦး လုယက်ပြီး ပြောကြရင်တော့ ပိုကောင်းမယ်။ အခုက နည်းနည်းစနစ်ကျအောင် လုပ်ထားတဲ့ အရသာထွက်နေတယ်။ မေးတဲ့သူကမေး၊ ဖြေတဲ့သူက ဖြေကြပေါ့ဗျာ။ ကလေးတွေလာကြတာကို ကျွန်တော်ကတော့ တော်တော်ကို သဘောကျတယ်။ သူတို့လူငယ်ဖြစ်လာတဲ့ အချိန်ကျရင် ဘယ်လိုရပ်တည်ရမယ် ဆိုတာက ဒီကနေ အတုယူ စရာတွေ၊ သင်ယူစရာတွေ ကလေးတွေအနေနဲ့ ရသွားမှာပါ။ အနည်းဆုံးတော့ သူတို့အတွက် အကျိုးကျေးဇူး တစ်ခုခုတော့ ရကိုရသွားမှာပါ။ ကျွန်တော်ကတော့ အထူးသဖြင့် ပြည်နယ်တွေမှာ ပိုပြီးလုပ်ပေးစေချင်တယ်”။

 

စာရေးဆရာ စိုးနိုင် (မန္တလေးတက္ကသိုလ်)

 

“လူငယ်ပွဲတော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်း စာရေးဆရာမဖြစ်တယ်။ ကဗျာဆရာမဖြစ်တယ်။ ဒီစာရေးဆရာမ၊ ကဗျာဆရာမနဲ့ စာဖတ်တဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ တွေ့တဲ့ပွဲပေါ့။ နားထောင်ရတာ ပီတိဖြစ်တယ်။ ကလေးတွေကလည်းပြောတာ ကောင်းတယ်။ အတိုင်ပင်ခံကလည်း ကလေးတွေ ပြောတဲ့စကားကို သေသေချာချာ ပြန်ပြီးပေါင်းစပ် ပေးနိုင်တယ်။ ကမ္ဘာ့တက္ကသိုလ်တွေ တက်လာပြီး အတွေ့အကြုံရှိတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ မန္တလေးတက္ကသိုလ်ကို လာတဲ့အတွက် မန္တလေးတက္ကသိုလ်ဟာ မော်ကွန်းအသစ်တစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လိုက်တာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပညာရေးစနစ်က နှစ်ပေါင်းများစွာမကောင်းခဲ့ဘူး။ အဲ့ဒီ ပညာရေးကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဖို့ ဒါဟာ အခြေခံလှုပ်ရှားမှုတစ်ခုပါ။ အရင်က အလွတ်ကျက်မှတ်တဲ့ စနစ်ကနေ ကိုယ်တိုင် တွေးခေါ်တဲ့ စနစ်ကိုပြောင်းဖို့ ကြိုးစားနေတာကို အစပျိုးလိုက်တာ ဖြစ်ပါတယ်။ အခုခေတ် ကျောင်းသား၊ ကျောင်းသူတွေက စာကြည့်တိုက်ကို သိပ်ပြီးမလှည့်ကြတော့ဘူး။ ဒီကျောင်းသူ၊ ကျောင်းသားတွေ အခုလုပ်လိုက်တဲ့ စကားဝိုင်းကနေ စာကြည့်တိုက်ဘက်ကို ပြန်လှည့်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ။

 

မင်းထက်အောင်(မန်းကိုယ်ပွား)