လူသားချင်း စာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသည့် ထရပ်ကားများ အီဂျစ်နိုင်ငံမှ ဂါဇာကမ်းမြောင်သို့ စတင်ဝင်ရောက်

 

ဂျေရုဆလင်၊ အောက်တိုဘာ ၂၁

 

လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသည့် ထရပ်ကားများသည် ရာဖာနယ်စပ်ကိုဖြတ်၍ အီဂျစ်နိုင်ငံမှ ဂါဇာကမ်းမြောင်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။

 

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးက  ဂါဇာကမ်းမြောင်ကို  ပိတ်ဆို့ထားပြီးနောက် ပထမဆုံးအကြိမ် ခွင့်ပြုခြင်းဖြစ်သည်။

 

အီဂျစ်သမ္မတ  အယ်လ်စီစီသည်  ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ထရပ်ကားအစီး ၂၀ ပေးပို့နိုင်ရန် နယ်စပ်ဖြတ်ကျော်မှုကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

 

အစ္စရေးတပ်ဖွဲ့များသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း နယ်စပ်စစ်ဆေးရေးဂိတ်ကို လေးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများကို ဖြတ်သန်းခွင့်မပြုဟု ငြင်းဆိုခဲ့ကြောင်း အီဂျစ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

 

အစ္စရေးတပ်မတော်သည် ဂါဇာနှင့် အီဂျစ်ကြား နယ်နိမိတ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ဂါဇာကမ်းမြောင်သို့   လက်နက်များ ခိုးသွင်းခြင်းမှကာကွယ်ရန်အတွက် နယ်စပ်ဒေသရှိ ဥမင်လိုဏ်ခေါင်းများကို ဖျက်ဆီးရန်ရည်ရွယ်၍ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

လက်ရှိတွင် ထရပ်ကားများကို လက်နက်များ သယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးရန်နှင့် ပတ်သက်ပြီး အစ္စရေးနှင့် အီဂျစ်တို့သည် သဘောထားကွဲလွဲမှုများရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

 

အဆိုပါအခြေအနေများကြောင့် ယခုထောက်ပံ့ရေး ပစ္စည်းများသည် ဂါဇာကမ်းမြောင်ရှိ ပြည်သူ ၂ ဒသမ ၂ သန်းထံသို့ ရောက်ရှိမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်