နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်သည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အိုဇုန်းလွှာပါးလွှာလာမှုကို ဖြစ်ပေါ်စေသည့် အရာဝတ္ထုများ အသုံးပြုမှုကို ကာကွယ်ပေးသည့် မွန်ထရီရယ်ပဋိညာဉ် (Montoreal Protocol) လက်မှတ်ရေးထိုးခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ပုဒ်သည် '' OZONE FOR LIFE : 35 YEARS OF OZONE LAYER PROTECTION '' “၃၅ နှစ်တာ အိုဇုန်းလွှာကာကွယ် ထိန်းသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုဇုန်းလွှာက အကျိုးပြု” ပင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသည် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ထိုအခမ်းအနားကို ကျင်းပလျက်ရှိသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့ လျက်ရှိသောကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်း အနားများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်တော့မည် မဟုတ်ချေ။

 

အိုဇုန်းလွှာဆိုသည်မှာ

 

အိုဇုန်းလွှာသည် နေရောင်ခြည်မှ ကျရောက်လာသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်။ ဘေးအန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးသဖြင့် ကျန်းမာရေးနှင့် ဂေဟစနစ်ကိုလည်း ကာကွယ်ထိန်းသိမ်းပေးလျက်ရှိသည်။ ထို့ကြောင့် အိုဇုန်းလွှာသည် မျိုးဆက်သစ်များအတွက် ဘေးအန္တရာယ် ကာကွယ်ပေးမည့် သဘာဝကပေးထားသော ဒိုင်းကြီး တစ်ခုပင်ဖြစ်သည်။

 

အိုဇုန်းဓာတ်ငွေ့သည် အောင်ဆီဂျင်မှတစ်ဆင့် ဖွဲ့စည်းထားသည့် ဓာတ်ငွေ့ဖြစ်ပြီး သဘာဝအားဖြင့် ကမ္ဘာမြေနှင့် ကပ်လျက်ရှိသည့် လေထုထဲတွင် တွေ့ရလေ့ရှိသည်။ ကျွန်ုပ်တို့ရင်းနှီးကျွမ်းဝင်သော အောက်ဆီဂျင် ဓာတ်ငွေ့သည် ဒိုင်အောက်ဆီဂျင် (O2) ဖြစ်သည်။ ယင်းဓာတ်ငွေ့သည် ကမ္ဘာ့လေထု၏ ၂၁ ရာခိုင်နှုန်းရှိသည်။ အိုဇုန်းသည် ထရိုင်အောက်ဆီဂျင်(O3) ဖြစ်ပြီး ရှားပါးသည့် ဓာတ်ငွေ့ဖြစ်သည်။ ထူးခြားသည့်အချက်သည် ဓာတ်ငွေ့မော်လီကျူ ၁ဝ သန်းတွင် အိုဇုန်းမော်လီ ကျူသုံးခုသာလျှင် တွေ့ရှိရခြင်းဖြစ်သည်။ သို့ဖြစ်၍ အိုဇုန်းဓာတ်ငွေ့ ၁ဝ ရာခိုင်နှုန်းကိုသာလျှင် ကမ္ဘာမြေပြင် နှင့် နီးကပ်လျက်ရှိသည့် လေထုအတွင်း၌ တွေ့ရှိနိုင်သည်။ ထို့ထက်မြင့်မားသည့် အထက်လေထုလွှာ၌ အိုဇုန်း ၉ဝ ရာခိုင်နှုန်းခန့် တွေ့ရှိရသည်။ ထိုအိုဇုန်းလွှာသည် ကမ္ဘာမြေထုအား နေရောင်ခြည်မှ ကျရောက်လာမည့် ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည်။

 

လူသားတို့သည် နေ့စဉ်နီးပါး နေရောင်ခြည်နှင့် ထိတွေ့နေရသည်။ ကျွန်ုပ်တို့ ထိတွေ့နေရသော ထိုနေရောင်ခြည်တွင် လူကိုထိခိုက်စေနိုင်သည့် ခရမ်း လွန်ရောင်ခြည်များ ပါဝင်လျက်ရှိသည်။ ထိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည့် သဘာဝဒိုင်းကြီးမှာ အိုဇုန်းလွှာပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းများသည် အိုဇုန်းလွှာပါးလွှာမှုအပေါ် အလေးထား၍ စုပေါင်းကာကွယ်စောင့်ရှောက်လျက်ရှိကြသည်။ ထိုကျေးဇူးတရားများကြောင့် ကမ္ဘာ မြေကြီးကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ အကာအကွယ်ပေးထားသည့် အိုဇုန်းလွှာသည် လာမည့် ဆယ်စုနှစ်ကာလအတွင်း ပြန်လည်နာလန်ထူလာတော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက အစီရင်ခံတင်ပြခဲ့သည်။ ယင်းအစီရင်ခံစာကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)တို့ ပူးပေါင်း၍ အကဲဖြတ် သုံးသပ်ထားခြင်းဖြစ်သည်။ လူသားအားလုံး အတွက် အားတက်ဖွယ်ရာပင်ဖြစ်သည်။

 

အိုဇုန်းလွှာထိန်းသိမ်းရေး ပဋိညာဉ်များ

 

အိုဇုန်းလွှာ ပါးလွှာပျက်စီးလာကြောင်းကို သိပ္ပံ ပညာရှင်များက တွေ့ရှိအတည်ပြုခဲ့သဖြင့် နိုင်ငံတကာ အသိုက်အဝန်းတွင် စိုးရိမ်ပူပန်မှု မြင့်တက်ခဲ့ရသည်။ ထို့ကြောင့် အိုဇုန်းလွှာကာကွယ်ရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းချမှတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ကြိုးပမ်းမှုရလဒ်အနေဖြင့် ၁၉၈၅ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အိုဇုန်းလွှာကာကွယ်ရေးအတွက် ဗီယင်နာပဋိညာဉ်ကို ချမှတ်ပြီး လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ထိုပဋိညာဉ်မှ သည် အိုဇုန်းလွှာကာကွယ်ရေးအတွက် မွန်ထရီရယ် ပဋိညာဉ်ကို မူကြမ်းရေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။

 

အိုဇုန်းလွှာပါးလွှာလာမှုဖြစ်ပေါ်စေသည့် အရာဝတ္ထုများ အသုံးပြုမှုကို ကာကွယ်ပေးသည့် မွန်ထရီရယ် ပဋိညာဉ် (Montoreal Protocol)ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းစာချုပ်အရ အိုဇုန်းလွှာ ပါးလွှာစေနိုင်သည့် အရာဝတ္ထု ပစ္စည်းများ ထုတ်လုပ်မှုကို တဖြည်းဖြည်း လျှော့ချရပ်ဆိုင်းစေခြင်းအားဖြင့် အိုဇုန်းလွှာကို ကာကွယ်ခဲ့သည်။ ထိုသို့ ကာကွယ်မှုကြောင့် အိုဇုန်းလွှာစံနှုန်းသည် ၁၉၈ဝ ပြည့်လွန်နှစ်များတွင် ရှိနေခဲ့သည့် ထူထဲမှုစံနှုန်းအဆင့်သို့ ပြန်လည် ရောက်ရှိလာနေပြီဖြစ်သည်။

 

မွန်ထရီရယ်ပဋိညာဉ်တွင် ပြဋ္ဌာန်းထားသည့် သဘောတူညီချက်များအရ လေထုတွင်း (Chlorofluoro carbon-CFC)နှင့် ဟေလွန်ဂျင်ကဲ့သို့သော ဓာတ်ငွေ့များပိုမိုပါဝင်နေမှုကို လျှော့ချနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ရေခဲ သေတ္တာများ၊ စပရေးဘူးများ၊ လျှပ်ကာပစ္စည်းများနှင့် မီးသတ်ဆေးဘူးများ အသုံးပြုသည့်အခါ CFC ဓာတ်ငွေ့များ ထုတ်လွှတ်လေ့ရှိပါသည်။ ၁၉၈၇ ခုနှစ် လွန်ကာလတွင် အိုဇုန်းလွှာပါးလွှာစေသည့် ဒြပ်ပစ္စည်းများဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် ၁ဝ ဂစ်ဂါတန်အထိ ရှိခဲ့သည်။ ထိုမွန်ထရီရယ် ပဋိညာဉ်ပြဋ္ဌာန်းမှုကြောင့် လက်ရှိအချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၉ဝ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ပြီဖြစ်သည်။ မွန်ထရီရယ်ပဋိညာဉ်ကို အပြည့်အဝလိုက်နာဆောင်ရွက်ခြင်းအားဖြင့် အိုဇုန်းလွှာအနေအထားသည် ၂ဝ ရာစုမတိုင်မီ ကာလက အာတိတ်နှင့် အန္တာတိကဒေသတို့တွင် ရှိခဲ့သည့် အိုဇုန်းလွှာအနေအထားသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

 

အိုဇုန်းလွှာပြန်လည်ထူထဲလာ

 

သက်ရှိလူသားများ နေထိုင်လျက်ရှိသည့် ကမ္ဘာမြေထု ကြီးအား ကင်ဆာရောဂါ ဖြစ်စေနိုင်သော ခရမ်းလွန် ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးသည့် အိုဇုန်းလွှာသည် နှစ်ကာလအတန်ကြာ ပါးလွှာလာမှု ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထဲလာမည့် ကြိုတင်လက္ခဏာများ တွေ့ရှိလာရသည်ဟု ကုလသမဂ္ဂလေ့လာချက်များတွင် ထုတ်ပြန်ထားရှိသည်။ အန္တာတိကတိုက်ပေါ်တွင် နှစ်စဉ်ကြီးထွားလာသော အိုဇုန်းလွှာအပေါက်သည် လက်ရှိအချိန်တွင် အပေါက် ဆက်လက်ဖြစ်ပေါ်နေခြင်းမှ ရပ်ဆိုင်းသွားပြီဟုဆိုသည်။

 

အမှန်တော့ အိုဇုန်းလွှာ အပေါက်ကျုံ့သွားစေရန် ဆယ်စုနှစ်တစ်စုခန့် အယူရမည်ဖြစ်သည်။ လူသားတို့ သည် အိုဇုန်းလွှာကြီးကို စက်မှုတော်လှန်ရေးမစမီကာလက ပိုင်ဆိုင်ထားသည့် သဘာဝအခြေအနေမျိုးသို့ ပြန်လည် ရောက်ရှိလာစေရန် ကြိုးပမ်းအားထုတ်လျက်ရှိကြသည်။ ထိုသို့ အားထုတ်ရာတွင် ကမ္ဘာမြေကြီးနှင့် ကပ်လျက်ရှိသော လေထုလွှာကို ပြောင်းလဲနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချပေးနိုင်သော နည်းလမ်းများဖြင့် စတင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ဆိုလိုသည်မှာ သစ်တောများ ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းကဲ့သို့သော အိုဇုန်းလွှာထိန်းသိမ်းရေး နည်းလမ်းများကို လုပ်ဆောင်သွားရမည်ဖြစ်သည်။ အိုဇုန်းလွှာ ပြန်လည် ထူထဲလာခြင်းကြောင့် ကမ္ဘာမြေပေါ်သို့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုသည် တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ် ကြောင်းနှင့် အိုဇုန်းလွှာအတွင်းရှိ ခရမ်းလွန်ရောင်ခြည် အဆင့်သည်လည်း ပြောင်းလဲလာပြီဖြစ်သည်ဟု သိပ္ပံ ပညာရှင်များက အခိုင်အမာပြောဆိုထားသည်။

 

အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင်ခြည်

 

အိုဇုန်းလွှာ ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုလည်း သိထားသင့်ပေသည်။ ခရမ်းလွန်ရောင်ခြည်သည် လူသားတို့၏ သာမန်မျက်စိဖြင့် မမြင် နိုင်သော နေရောင်ခြည်မှ ဖြာထွက်လာသည့် လျှစ်စစ် ရောင်စဉ်လှိုင်းတစ်ခုဖြစ်သည်။ အင်းဆက်ပိုးမွှားများနှင့် ငှက်များကဲ့သို့သော တိရစ္ဆာန်များသာလျှင် ထိုရောင်ခြည်ကို မြင်နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်သည် မြင်နိုင်သည့် ခရမ်းရောင်ထက်လှိုင်းနှုန်း၊ အလျားနှင့်စွမ်းအင်တို့ ပိုမို မြင့်မားလျက်ရှိသည်။ ၁၈၀၁ ခုနှစ်တွင် ဂျာမနီရူပဗေဒ ပညာရှင် Johann Wilhelm Ritter က ခရမ်းလွန် ရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျရောက်ထိတွေ့ ခံရသူများသည် အသားအရေများ တဖြည်းဖြည်း ညိုမည်းလာပြီး နေလောင်ဒဏ်ခံစားရမည် ဖြစ်သည်။ လွန်ကဲစွာ ကျရောက်ထိတွေ့ခံရပါက အရေပြားကင်ဆာ ဖြစ်ပွားသည်အထိ ခံစားရမည်ဖြစ်သည်။

 

လူသားတို့၏ ကျန်းမာရေး အိုဇုန်းလွှာကို ထိန်းသိမ်းပေး

 

ထို့ကြောင့် နေရောင်ခြည်မှ ဖြာထွက်လာသောခရမ်း လွန်ရောင်ခြည် (Ultraviolet-UV)အား ရောင်ခြည် ဖြာထွက်မှုအလျားကို အခြေခံလျက် UV-a ၊ UV-b နှင့် UV-c ဟူ၍ သုံးမျိုးခွဲခြားထားသည်။ အိုဇုန်း မော်လီကျူများသည် သက်ရောက်မှုမတူညီသည့် ခရမ်းလွန် ရောင်ခြည်သုံးမျိုးအပေါ် မတူညီသော ရောင်ခြည်တန်း များဖြင့် တုံ့ပြန်ကာကွယ်ပေးသည်။ အိုဇုန်းမော်လီကျူများသည် ခရမ်းလွန်ရောင်ခြည် (UV-c) အပေါ် ထိရောက်စွာ တုံ့ပြန်နိုင်ပြီး ကမ္ဘာ့မြေပြင်အထက် မိုင် ၂ဝ ခန့်တွင် လုံးဝကာကွယ်ပေးနိုင်သည်။ အိုဇုန်းဓာတ်ငွေ့သည် ဒုတိယအမျိုးအစားဖြစ်သည့် ခရမ်းလွန်ရောင်ခြည် (UV-a)အပေါ်တွင် သက်ရောက်မှု အနည်းငယ်သာရှိသော်လည်း ယင်းရောင်ခြည်သည် နေလောင်ခြင်း သို့မဟုတ် မျိုးရိုးဗီဇပျက်စီးမှုကို တိုက်ရိုက်ဖြစ်ပွားမှု မရှိသဖြင့် လွန်စွာပူပန်စရာ မလိုအပ်ပေ။

 

သို့သော် ခရမ်းလွန်ရောင်ခြည် (UV-b)သည် ကမ္ဘာ မြေပေါ်သို့ အဆိုးရွားဆုံး သက်ရောက်မှုရှိသည့် ရောင်ခြည်တစ်မျိုးဖြစ်သည်။ လူ့ခန္ဓာကိုယ်ပေါ်သို့ ယင်း UV-b တိုက်ရိုက်ကျရောက်ပါက အရေပြား ကင်ဆာ ကဲ့သို့သော DNA ပျက်စီးမှုများကို ပြင်းထန်စွာ ခံစားရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အိုဇုန်းလွှာ သည် ခရမ်းလွန်ရောင်ခြည် (UV-b)အများစုကို ကာကွယ် ပေးထားပြီး အချို့သာလျှင် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လျက်ရှိသည်။ ထို့ကြောင့် အိုဇုန်းလွှာ ပါးလွှာမှု ဖြစ်ပေါ်လာသလောက် ကမ္ဘာမြေပြင်ပေါ်သို့ UV-b ရောက်ရှိမှုအဆင့်လည်း မြင့်မားလာစေနိုင်ပါသည်။

 

အမှန်တော့ မွန်ထရီရယ်ပဋိညာဉ်သည် အိုဇုန်းလွှာ ပါးလွှာမှုဖြစ်ပေါ်စေသည့် CFC ထုတ်လွှတ်မှုကို အဆင့် တစ်ခုအထိ လျှော့ချနိုင်သော်လည်း ရာသီဥတုအပေါ် သက်ရောက်လျက်ရှိသည့် ဆိုးကျိုးများကိုမူ လျှော့ချ နိုင်ခြင်းမရှိသေးဟု ယင်းအစီရင်ခံစာတွင် အကဲဖြတ် သတိပေးထားပါသည်။ CFC သည် အိုဇုန်းလွှာအပေါ် ထိခိုက်မှုဖြစ်စေနိုင်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့များကိုပါ ထုတ်လွှတ်နိုင်ပါသည်။ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် လက်ရှိအချိန်တွင် ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လွှတ်မှု၏ ဝ ဒသမ ၅ ဂစ်ဂါတန်ခန့်ရှိသည်။ နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် တိုးတက်ထုတ်လွှတ်လျက်ရှိရာ လာမည့် ၁ဝ စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ် လာစေနိုင်သည်။ အိုဇုန်းလွှာပါးလွှာလာမှုသည် ၂၁ ရာစု ၏ ဒုတိယနှစ်ဝက်ကာလတွင် လေထုထဲ၌ ရေရှည်ရပ်တည်နေသော ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရစ် အောက်ဆိုက်ပါဝင်မှုတို့အပေါ် များစွာတည်မီလျက်ရှိသည်။

 

ဆိုရလျှင် နှစ်စဉ်စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်သည်။ အိုဇုန်းလွှာသည် လူသားတို့ကို နေရောင်ခြည်မှ ကျရောက်လာသည့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးလျက်ရှိသည်။ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်း ဓာတ်ငွေ့သည် ကမ္ဘာ့အိုဇုန်းလွှာကို ပါးလွှာမှု မြင့်မားစေနိုင်သည့် အလားအလာရှိနေသည်။ စားသောက်ကုန်များ ထုတ်လုပ်ရာမှ ထွက်ပေါ်လာသော နိုက်ထရစ် အောက်ဆိုက်သည် ဖန်လုံအိမ်ဓာတ်ငွေ့အပြင် အိုဇုန်းလွှာ ပါးလွှာလာမှု ဖြစ်ပေါ်စေသည့်ဓာတ်ငွေ့လည်း ဖြစ်သည်။ ထို့ကြောင့် ယင်းဓာတ်ငွေ့သည် အနာဂတ် အိုဇုန်းလွှာ ပါးလွှာလာမှုဖြစ်ပေါ်စေနိုင်သည့် ဓာတ်ငွေ့တစ်မျိုးပင် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသူ နိုင်ငံသားသားအားလုံး အနေဖြင့် ကမ္ဘာမြေပေါ်သို့ ကျရောက်ပြီး လူသားတို့၏ ကျန်းမာရေးကို ထိခိုက်လျက်ရှိသော ခရမ်းလွန် ရောင်ခြည် အန္တရာယ်အား ဒိုင်းသဖွယ်ကာကွယ်ပေးနေသော လူသားအကျိုးပြု အိုဇုန်းလွှာကြီးပါးလွှာမှု မဖြစ်ပေါ်စေရေး ထိန်းသိမ်းနိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအကြံပြုပါရစေ။ ။

 

မောင်သောင်းဝင်း (တမန်ဟောင်း)