လူထုအခြေပြု တီကျစ်စာမြေဆွေး ပြုလုပ်ခြင်းလုပ်ငန်းများ ထွန်းကားလာစေရန် သုတေသီပညာရှင်များနှင့် တောင်သူများအကြား ဆွေးနွေး

နေပြည်တော်   ဧပြီ   

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း ကျင်းပ လျက်ရှိသော (၃၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု တီကျစ်စာ မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းများ ထွန်းကားလာစေရန် စိုက်ပျိုးရေးသုတေသီပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်  ခေါင်းစဉ်ဖြင့်ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့ဆွေးနွေးသည့် တီကျစ်စာမြေဆွေးထုတ်လုပ်ခြင်း လုပ်ငန်းကို အထူးစီမံချက် အသွင်ဖြင့် ဆီထွက်သီးနှံဇုန်များ မှစတင်၍ သေသေချာချာ အကောင်အထည်ဖော် လုပ်ဆောင်ကြရန်လိုကြောင်း၊ တက်ရောက်လာကြသော တောင်သူ များအနေဖြင့်လည်း ကိုယ်စီကိုယ်စီ တစ်ပိုင်တစ်နိုင်လုပ်ဆောင်ကြရန် လိုအပ်သကဲ့သို့ တောင်သူများအားလုံး အတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြလျှင် ပိုမို အောင်မြင်မည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်တဲ့ လူထုအခြေပြု တီကျစ်စာ မြေဆွေး ပြုလုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး တောင်သူများအကြား ထွန်းကားလာစေရန် ရည်ရွယ်ဆွေးနွေး ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

မြေဆီလွှာကျန်းမာရေးအတွက် လူထုအခြေပြု တီကျစ်စာမြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများ တောင်သူများအကြား ပြန့်ပွားစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်ပူးပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း စံပြ ကျေးရွာများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် ဖြစ်ကြောင်း၊ တီကျစ်စာ မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းများ ထွန်းကားလာစေရန် လူထုအခြေပြု စံပြကျေးရွာများ အဖြစ် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

တီကျစ်စာမြေဆွေးပြုလုပ်ခြင်းနည်းပညာသည် မြန်မာနိုင်ငံသို့ ၁၉၈၀ ခုနှစ်တွင် စတင်ရောက်ရှိခဲ့သော်လည်း တောင်သူများအကြား ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ကျင့်သုံးခြင်းမရှိသေးကြောင်း၊ ယခုအခါ သီးထွက်စွမ်းရည်တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ကိုသာ အားပြုရုံမကမြေဆီလွှာ၏ စွမ်းအားတိုးတက်ကျန်းမာရေးကိုပါ တောင်သူလယ်သမားများ အထူးဂရု ပြုမိကြရန် လိုအပ်လျက်ရှိသည်။

 

ယနေ့ တောင်သူနည်းပညာဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုရေးသုတေသီပညာရှင်များ၊ ဇေယျာသီရိမြို့နယ်နှင့် ဗုဗ္ဗသီရိမြို့နယ်များမှ တောင်သူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သီးထပ်စွမ်းရည်တိုး တက်ရေးနှင့် ပတ်သက်၍ ရေရရှိရေးကဏ္ဍများကို တောင်သူလယ်သမားများက ပြန်လည်ဆွေး နွေးတင်ပြရာ ဒုတိယဝန်ကြီးက တောင်သူများ အလုပ်အကိုင်အဆင်ပြေစေရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)