လူတို့အတွက် သစ်ပင်

သစ်ပင်များသည် လူသားတို့အတွက် အရေးကြီးသည့် မိတ်ဖက်တစ်ခုဖြစ်သည်။ သစ်ပင်တောအုပ်များသည် လေထုထဲမှ အမှုန်အမွှားများကို ဖယ်ရှားနိုင်ပြီး လေထုထဲမှ အဆိပ်အတောက်များကို ဖယ်ရှားကာ လေထုကို သန့်စင်စေသည်။ သစ်ပင်များ၏ အရိပ် အာဝါသနှင့် ရေငွေ့ထုတ်လွှတ်မှုတို့ကြောင့် လေထုအပူချိန်ကို လျော့ကျစေသည်။ ထို့အပြင် မြေအောက်ရေသယံဇာတများကိုလည်း သစ်ပင်များက ထိန်းသိမ်းပေးပြီး သန့်စင်စေသည်။

လူသားတို့အပါအဝင် ဇီဝမျိုးစုံမျိုးကွဲတို့အတွက် သစ်ပင်များ၊ သစ်တောများက လွန်စွာအရေးပါသည်ဟု ဆိုနေစေကာမူ ကမ္ဘာနှင့်အဝန်းတွင်ပင် လူသားတို့၏ ပယောဂကြောင့် သစ်တောများ ပြုန်းတီးလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ် များအတွင်း သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံဟက်တာခန့် ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံဟက်တာခန့်သာ ကျန်ရှိတော့ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့သည်ဟု ဆိုသည်။ မိမိတို့  မြန်မာနိုင်ငံတွင်လည်း  ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်က နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းကို သစ်တော ဖုံးလွှမ်းထားရာမှ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ရာ သစ်တောများ ပျက်စီးပြုန်းတီးမှုအပေါ်  နိုင်ငံသားအားလုံးက အလေးထားဂရုပြုကြရန်လိုသည်။

သဘာဝသစ်တောဂေဟစနစ်များ တစ်စထက်တစ်စ ပျက်စီးပြုန်းတီးလာရခြင်းသည် သစ်တောများကို စည်းကမ်းမဲ့အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်း‌တောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့် မီးသွေးလောင်စာများ အလွန်အကျွံထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊   မြို့ပြနှင့်   ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့်    စက်မှုလုပ်ငန်းများတိုးချဲ့ခြင်းစသည့် သစ်တောမြေများကို အခြားမြေများအဖြစ် အသုံးချခြင်းကြောင့်ပင်ဖြစ်သည်။ သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်များအဖြစ်   ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊  မြစ်ချောင်းများ တိမ်ကောလာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ရေချိုအရင်းအမြစ်များ ခန်းခြောက်ဆုံးရှုံးခြင်း၊ ရေညစ်ညမ်းခြင်း၊ မြေဆီလွှာများ တိုက်စားခံရခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးလျော့နည်း မှုဖြစ်ပေါ်ခြင်း    စသည့်နောက်ဆက်တွဲဆိုးကျိုးများ    ဖြစ်ပေါ်လာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်လျှော့ချနိုင်ရေးနှင့်စပ်လျဉ်း၍    “သစ်ပင်သစ်တော စိုက်ပျိုးခြင်းများဖြင့်    သဘာဝဘေးအန္တရာယ်ကို    အထိုက်အလျောက် လျှော့ချနိုင်သဖြင့် ဒေသအသီးသီးရှိ ကျေးရွာအုပ်စုများအလိုက် သစ်တောစိုက်ခင်းများ စိုက်ပျိုးပြီး နိုင်ငံတစ်ဝန်း၌ သစ်ပင်သစ်တောများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပြည်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သစ်တောပြုန်းတီးမှုများ  မရှိစေရေးအတွက်လည်း  အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း”     ထည့်သွင်း ပြောကြားခဲ့သည်။

ကမ်းရိုးတန်းဒေသများတွင်   ဒီရေတောများ   ထိန်းသိမ်းစောင့်ရှောက်ခြင်း၊   ပြုစုပျိုးထောင်ခြင်း၊  ကုန်းတွင်းပိုင်းမြို့ရွာ ဒေသများတွင် သစ်ပင်သစ်တောများကို နှစ်စဉ်တစ်အုပ်တစ်မ စိုက်ပျိုးခြင်းများကို   နှစ်စဉ်သစ်ပင်စိုက်ပျိုးသည့်   ရာသီရောက်တိုင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ စိုက်ပြီးအပင်များ ရှင်သန်ရေးအတွက် စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက် သွားရန်လည်း လိုအပ်သည်။ ထို့အပြင် နိုင်ငံပိုင်သစ်တောများအတွင်း တရားမဝင် သစ်ခုတ်လှဲထုတ်ယူမှုများကို ထိရောက်စွာ ကာကွယ်တားဆီး      အရေးယူနိုင်ရန်လည်း      လိုအပ်သည်။ နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်ရေးတို့တွင် နိုင်ငံသားတိုင်းက တာဝန်ကျေပွန်စွာ ပါဝင်ကြရပါမည့်အကြောင်း။        ။