လူဦးရေပေါက်ကွဲမှုနှင့် အီဂျစ်နိုင်ငံ

အီဂျစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကို ပြည်သူလူထုအများစုက အာရုံစိုက်နေသလို လူဦးရေပေါက်ကွဲမှုကလည်း အများပြည်သူ အာရုံစိုက်လောက်တဲ့ အနေအထားတစ်ခု ဖြစ်နေပါတယ်။

အီဂျစ်အာဏာပိုင်တွေက ဖော်ပြတဲ့ နောက်ဆုံးရ ကိန်းဂဏန်း အချက်အလက်တွေအရ အီဂျစ်နိုင်ငံရဲ့ လူဦးရေဟာ သန်းတစ်ရာနီးပါး ရောက်ရှိနေပြီး တစ်နှစ်ကို လူဦးရေ ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးပွားလာနေတာ ဖြစ်ပါတယ်။

နိုင်ငံကိုခြောက်လှန့်နေသောစိန်ခေါ်မှု

လူဦးရေအထူထပ်ဆုံး အာရပ်နိုင်ငံတစ်ခုဖြစ်တဲ့ အီဂျစ်နိုင်ငံဟာ လူဦးရေပေါက်ကွဲမှုကို ရင်ဆိုင်လာရတာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကတည်းက ရင်ဆိုင်လာရတာပါ။ လူဦးရေ အဆမတန် များပြားနေမှုဟာ အီဂျစ် နိုင်ငံကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရာမှာ ပိုပြီးအခက်တွေ့လာစေပါတယ်။ အီဂျစ်သမ္မတ အယ်လ်စီစီက လူဦးရေ အဆမတန် များပြားမှုဟာ အီဂျစ်နိုင်ငံက ရင်ဆိုင်နေရတဲ့ အကြီးစား ခြိမ်းခြောက်မှုနှစ်ခုထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အီဂျစ်နိုင်ငံရဲ့ လူဦးရေဟာ ၁၉၈၆ ခုနှစ်မှာ ၄၈ သန်းအထိ တိုးပွားလာပြီး ၂၀၁၆ ခုနှစ်မှာ ၉၆ သန်းအထိ တိုးပွားလာခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ၃၀ အတွင်းမှာ နှစ်ဆဖြစ်လာခဲ့ပါတယ်။ လတ်တလော မွေးဖွားနှုန်းဟာ ၃ ဒသမ ၄၇ ရာခိုင်နှုန်းရှိပြီး လာမယ့် ၂၀၃၀မှာ နိုင်ငံ့လူဦးရေ ၁၂၈ သန်းအထိဖြစ်လာမယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။

မြေယာဆုံးရှုံးမှုများ

၂၀၁၆ ခုနှစ်မှာ ကလေးမွေးဖွားမှုဟာ ၂ ဒသမ ၆သန်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေက စိုက်ပျိုးမြေတွေ ဆုံးရှုံးမှု ဖြစ်လာနိုင်ပြီး ပင်လယ် ရေမျက်နှာပြင် မြင့်တက်မှုနဲ့ ရေအရင်းအမြစ် ပြုန်းတီးမှုနဲ့ မလုံလောက်မှုတွေကို ဖြစ်လာစေနိုင်တာကြောင့် ရာသီဥတုကိုလည်း ကြောက်ခမန်းလိလိ ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

အများပြည်သူ လှုပ်ရှားမှုနဲ့ ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ဗဟိုအေဂျင်စီအဖွဲ့ (CAMPAS) ရဲ့ ဖော်ပြချက်အရ တိုးပွားလာတဲ့ လူဦးရေလိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အိမ်ရာဆောက်လုပ်မှုတွေနဲ့ မြေလွှာတိုက်စားမှု အကျိုးဆက်တွေကြောင့် တစ်နှစ်မှာ မြေဧကပေါင်း ၂၄၀ဝ၀ နီးပါး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံဟာ လူဦးရေကသာ အဆမတန် တိုးပွားလာနေပေမယ့် ၁၉၅၄ ခုနှစ်ကတည်းက နိုင်းမြစ်ဝှမ်းကနေ ခွဲတမ်းရရှိတဲ့ တစ်နှစ်မှာ ရေကုဗမီတာ ၅၅ သန်းဆိုတဲ့ ပမာဏကတော့ တိုးပွားလာတာ မရှိပါဘူး။

ပညာရေးမှာလည်း ပြဿနာရှိ

ဒါတင်ပဲလားဆိုတော့ ပြဿနာတွေက ပညာရေးကဏ္ဍမှာလည်း ရှိနေပါတယ်။စာမတတ် သူဦးရေဟာ နိုင်ငံရဲ့ ၁၈ ရာခိုင်နှုန်းရှိနေပြီး ကျောင်းကနေထွက်သွားကြတဲ့ အရေအတွက်ဟာ အသက် ၁၀ နှစ်ကနေ ၃၄ နှစ်အတွင်း လူဦးရေရဲ့ ၅ ဒသမ ၇ သန်း ရှိနေပါတယ်။ အီဂျစ်နိုင်ငံရဲ့ အလုပ်သမားအင်အားဟာ လာမည့် ၂၀၂၈ မှာ သန်း ၈၀ အထိ ရောက်ရှိလာမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားတဲ့အတွက် အလုပ်အကိုင်မရရှိမှုကလည်း နောက်ထပ်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြန်ပါတယ်။

လူဦးရေဟာ အဆက်မပြတ် တိုးပွားနေတယ်။ နိုင်ငံရဲ့ ထုတ်လုပ်မှုကလည်း တိုးပွားလာတဲ့ လူဦးရေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် လောက်ငခြင်းမရှိဘူး။ ဒါတွေကြောင့်ပဲ နိုင်ငံဆီဝင်ရောက်လာတဲ့ ပို့ကုန်တွေကို အားပြုနေရတာကြောင့် ဒီအချက်က တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လူဦးရေကို ဘယ်လိုထိန်းချုပ်မလဲ

လူဦးရေတိုးပွားလာမှုကို ထိန်းချုပ်ဖို့ အီဂျစ်အစိုးရဟာ အမျိုးမျိုးဆောင်ရွက်ခဲ့ပါတယ်။ သာဓကအားဖြင့် ပါလီမန်ရဲ့ ကျန်းမာရေးကိစ္စရပ်များ ကော်မတီဟာ မွေးဖွားနှုန်း ထိန်းချုပ်မယ့်အစီအစဉ်တစ်ရပ်ကို ငွေကြေးထည့်ဝင်ရာမှာ အထောက်အကူပြုစေဖို့ ၂၀၁၇ ဒီဇင်ဘာလမှာ အီဂျစ်နဲ့ အမေရိကန်ပြည်ထောင်စုကြား သဘောတူညီချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒီ ငွေကြေးထည့်ဝင်မှုအရ အီဂျစ်ဟာ အမေရိကန် ဒေါ်လာ ၁၁ သန်းကို ရဖို့ရှိပါတယ်။

ထောက်ပံ့ကြေးအစီအစဉ်

ဒီဇင်ဘာ ၁ ရက်မှာ အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီက ကျောင်းနေအရွယ် ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုစရိတ် ထုတ်ပေးမယ့် ထောက်ပံ့ကြေးငွေ အစီအစဉ်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်အရ လာမယ့် ၂၀၁၉ ဇန်နဝါရီလကစပြီး ကလေးနှစ်ယောက်ရှိတဲ့ မိသားစုတွေကိုသာ ထောက်ပံ့ကြေးပေးသွားဖို့ ကန့်သတ်ထားပါတယ်။ ထောက်ပံ့ကြေး အစီအစဉ်ရဲ့ ငွေကြေးအရင်းအမြစ်ကို ကန့်သတ်ထား မှုတွေကြောင့် ကလေးနှစ်ယောက်ရှိတဲ့ မိသားစုတွေကိုသာ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ လူမှုပေါင်းစည်းညီညွတ်ရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

ထောက်ပံ့ကြေးအစီအစဉ်ကို စတင်ကြေညာလိုက်တဲ့ ၂၀၁၇ ခုနှစ်ကစပြီး ဒီစီမံချက်အတွက် ကုန်ကျစရိတ်ဟာ အီဂျစ်ငွေပေါင် ၂၁သန်း (ဒေါ်လာ ၁ဒသမ ၁၇သန်း)ရှိပြီး ထောက်ပံ့ကြေးရဲ့ ၈၅ ရာခိုင်နှုန်းကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကနေ ပေးအပ်ခဲ့ကာ ကျန်တဲ့ငွေကိုတော့ ကမ္ဘာ့ဘဏ်ကရတဲ့ ချေးငွေနဲ့ လည်ပတ်ခဲ့ပါတယ်။

စီမံချက်ထိရောက်မှုရှိရဲ့လား

သို့သော်လည်း အချို့က ဒီစီမံချက်ဟာ အကျိုးသက်ရောက်မှုမရှိသလို ဖွဲ့စည်းပုံနဲ့လည်း မညီဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ သုံးယောက်မြောက် သားသမီးတွေအနေနဲ့ ထောက်ပံ့ကြေးကို ခံစားခွင့်မရှိတာက ကျောင်းထွက်ရတဲ့ ကလေးတွေ ပိုများလာစေသလို စာမတတ်သူဦးရေ၊ ကလေးလုပ်သားဦးရေနဲ့ ဆင်းရဲမွဲတေမှုနှုန်းကို ပိုမိုတိုးပွား လာစေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်နေတယ်လို့ ဝေဖန်သူတွေက မှတ်ချက်ချခဲ့ပါတယ်။

ကုန်ကုန်ပြောရရင် သုံးယောက်မြောက် ကလေးတွေက နိုင်ငံတော်အပေါ်သစ္စာစောင့်သိရ မယ်ဆိုတဲ့အယူအဆမှာ ပြဿနာရှိလာနိုင်တယ်လို့ အီဂျစ်အာဏာပိုင်တစ်ဦးက ပြောပါတယ်။ ၂၀ဝ၀ ပြည့်နှစ်နဲ့ ၂၀ဝ၈ ခုနှစ်တွေအတွင်းမှာ မွေးဖွားနှုန်းကို ထိန်းချုပ်တဲ့ ဆောင်ရွက်ချက်တွေဟာ နှစ်စဉ်လူဦးရေ ၂ သန်းကနေ ၁ ဒသမ ၅ သန်းအထိ တိုးပွားလာမှုကို လျှော့ချတဲ့နေရာမှာ အောင်မြင်မှု ရရှိခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ စာရင်းဇယား အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း ၂၀ဝ၈ ခုနှစ်အပြီးမှာတော့ မွေးဖွားနှုန်းကိုထိန်းချုပ်တဲ့ ဆောင်ရွက်ချက်ဟာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ထိပ်တိုက်ရင်ဆိုင်လာမှုတွေကြောင့် ပြိုလဲသွားခဲ့ရတယ်လို့ လူဦးရေဆိုင်ရာ အမျိုးသားကောင်စီရဲ့ အထွေထွေအတွင်း ရေးမှူးချုပ် အမ်ရိုဟတ်ဆန်ကဆင်ဟွာသို့ ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံဟာ လူဦးရေ ပြဿနာကို ကိုင်တွယ်ဖို့ အရေးတကြီး ဆောင်ရွက်သင့်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ထိမ်းမြားလက်ထပ် ပြီးနောက် မွေးဖွားနှုန်းကို ထိန်းချုပ်ဖို့ တွန်းအားပေးတဲ့ စည်းရုံးဆွဲဆောင်မှုတွေ အပါအဝင် လူဦးရေ အဆမတန် တိုးပွားလာနေမှုကို ပြည်သူလူထုက ပိုမိုသတိထားမိလာအောင် မြှင့်တင်ပေးခြင်းနဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဟောပြောမှုတွေကို ကြီးကြပ်ဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက အကြံပြု တိုက်တွန်းနေပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-ဆင်ဟွာ