လွယ်ကူ လျင်မြန်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

၁၃ ဒီဇင်ဘာ

 

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် Investment Competitiveness Forum သမကာတွင် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံအား Star Reformers A ward ဆုကို ချီးမြှင့်ခဲ့သည်။ ကမ္ဘာပေါ်တွင် ပြုပြင်ပြောင်းလဲမှု လုပ်နိုင်သော နိုင်ငံများထဲမှ မြန်မာနှင့် အီသီယိုပီးယား နှစ်နိုင်ငံကို ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး အကောင်းဆုံး ဦးဆောင်နိုင်သော နိုင်ငံများဖြစ်သည့်အတွက် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါဆုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာများ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်းရရှိစေခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုရလောက်အောင် အောင် မြင်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အချက်များကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယခု အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အစိုးရမှ စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့သည်။

 

 

ထို့နောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဟူ၍ နှစ်ခုကွဲနေသည်ကို ဥပဒေတစ်ခုတည်းဖြစ်အောင် ပြုလုပ်ခဲ့သည်။ ထို့နောက် ၂ဝ၁၇ ခုနှစ် မတ်လတွင် ဥပဒေသစ်အတွက် နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည်။ ယခု အစိုးရ၏စီးပွားရေး ပေါ်လစီသည် သဘာဝသယံ ဇာတတွင် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးသော ပေါ်လစီ ဖြစ်သည်။

 

 

ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် ယခုအချိန်အထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူအသစ်များ ချထားပေးခြင်း မရှိသည်ကို တွေ့ရသည်။လက်ရှိ ဥပဒေ၏ ထူးခြားချက်မှာ ယခင်ကကဲ့သို့ လုပ်ငန်းတိုင်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က လိုက်ပြီး စိစစ်နေတော့မည် မဟုတ်ဘဲ လုပ်ငန်းလေးမျိုးကိုသာ စိစစ်သွားမည်ဖြစ်သည်။ ယင်းလုပ်ငန်း များမှာ မဟာဗျူဟာအရ အရေးကြီးသည့်လုပ်ငန်းများ၊ ငွေကြေးပမာဏ ကြီးကြီးမားမားသုံးပြီး လုပ်ရသည့်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လှူအဖွဲ့အစည်းကို ထိခိုက်စေနိုင်သည့် လုပ်ငန်းများ၊ အစိုးရက စိစစ်ရန် ညွှန်ကြားလာသည့် လုပ်ငန်းများပင်ဖြစ်သည်။ ယင်းလုပ်ငန်းလေးမျိုးက လွဲလျှင် ကျန်သည့်လုပ်ငန်းများကို MIC ခွင့်ပြုချက်ရယူရန်မလိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်ပြီဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

 

 

ယခု ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီခွဲများကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်ကို အောက်တိုဘာ ၃ဝ ရက်က ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ်ကို နိုဝင်ဘာ ၂ဝ ရက်တွင် ဖွင့်လှစ် မည်ဖြစ်သည်။ ပြည်နယ်၌ ရုံးဖွင့်လှစ်ခြင်းအားဖြင့် ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြည်နယ်ရှိ လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်၊ နေပြည်တော်သို့ သွားရန်မလိုဘဲ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်နှစ်ခုဖြစ်သော ရခိုင်နှင့် ချင်းပြည်နယ်တို့၏ ရင်းနှီးမြှုပ်နှံမှုများတွင် MIC က သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကဏ္ဍတွင် ပါဝင်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ် ရမည်ဖြစ်သည်။ ရန်ကုန်တွင်ပြုလုပ်သော လုပ်ငန်းများဆိုလျှင် အခွန်ကင်းလွတ်ခွင့် သုံးနှစ်သာရမည်ဖြစ်ရာ ပြည်နယ်နှစ်ခုတွင် သီးခြား ထူးခြားသော အခွင့်အရေးများ ပေးထားခြင်း ဖြစ်သည်။

 

 

ယခု ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု ဥပဒေထုတ်ပြန်ခြင်း၊ ၎င်းနောက် နည်းပညာဥပဒေ ထုတ်ပြန်ခြင်းနှင့် လိုအပ်သော ကြေညာချက်များထုတ်ပြန်ပြီး ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်းနှင့် တစ်ဖက်က ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးများ တစ်ပြိုင်နက် ပြုလုပ်ခဲ့ခြင်းကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သိသာထင်ရှားသော ရလဒ်များရရှိ လာသည်။ ၂ဝ၁၇ ခုနှစ် ဧပြီ ရက်မှ စက်တင်ဘာလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်ရှိလာခြင်း ဖြစ်သည်။ ယခု ဘဏ္ဍာနှစ်အတွက် လျာထားချက်မှာ ခြောက်ဘီလီယံဖြစ်ရာ ပထမခြောက်လအတွင်း လေးဘီလီယံအထိ ရရှိလာခြင်းမှာ သိသာထင်ရှားသော ရလဒ်ဟုဆိုရမည် ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လုပ်ဆောင်ချက်များကို အများပြည်သူသိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဝက်ဘ်ဆိုက်က ထုတ်ပြန်ပေးလျက်ရှိသည်။ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရုံးများ ဖွင့်ထားပြီး ဖြစ်သည့်အတွက် ဒေသများရှိ လုပ်ငန်းရှင်များအနေဖြင့် ၎င်းရုံးများသို့ အချိန်မရွေးသွားပြီး စီးပွားရေးလုပ်ငန်းများ ထူထောင်ရန်၊ ချဲ့ထွင်ရန် အခက်အခဲများကို လိုအပ်သလို ကူညီပေးရန် ဆက်သွယ်နိုင်သည်ဟု သိရှိရပါကြောင်း တင်ပြလိုက်ရပါသည်။