နေပြည်တော် ဩဂုတ် ၉

 

(၇၈)ကြိမ်မြောက် တောင်သူ နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ယနေ့ဆွေးနွေးပွဲသည် တောင်သူများ လက်တွေ့အသုံးချနိုင်သော အချက်များကို ရရှိစေရန်နှင့် ဥပဒေနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ပြီး အကာအကွယ်ရှိစေရန် အထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေများနှင့် အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေ ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက လယ်ယာမြေဥပဒေ ဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အခြေခံမြေမျိုး သတ်မှတ်ချက်များ၊ လယ်ယာမြေ အမျိုးအစားများ၊ လယ်ယာမြေ ဥပဒေဆိုင်ရာ ရည်ရွယ်ချက်များ၊ လယ်ယာမြေဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားနိုင်သူများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်း လုပ်ငန်းစဉ်၊ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ တားမြစ်ချက်များ၊ လိုက်နာရန်ပျက်ကွက် ပါက အရေးယူဆောင်ရွက်ခြင်း များကို ဆွေးနွေးတင်ပြကြပြီး တက်ရောက် လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားကြသည်။

 

ဆွေးနွေးပွဲသို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ပညာရှင် နှင့် တောင်သူများက အွန်လိုင်းမှ ပါဝင် တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်