နေပြည်တော် သြဂုတ် ၆

လယ်ယာထွက် သီးနှံအကြွင်းအကျန်များ၊ စားဖိုဆောင်စွန့်ပစ်ပစ္စည်းများမှ စီးပွားဖြစ် သဘာဝမြေသြဇာပြုလုပ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာတို့မှတာဝန်ရှိသူများ၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များမှ တောင်သူများတို့ တက်ရောက်ကြသည်။

 အခမ်းအနား၌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဝန်ကြီးဌာနနှင့် တောင်သူများပူးပေါင်းကာ သုတေသနများ လုပ်ဆောင်၍ သဘာဝမြေသြဇာပြုလုပ် သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အလားတူ စားဖိုဆောင်မှထွက်ရှိသော ဆွေးမြေ့နိုင်သည့် အကြွင်းအကျန်အမှိုက်များကိုလည်း သဘာဝမြေဆွေး(Compost) ပြုလုပ်၍ သုံးစွဲနေကြောင်း စက်မှုလယ်ယာဦးစီးဌာအနေဖြင့် လေမှုတ်စနစ်ပါရှိသော မြေဆွေးပြုလုပ်နည်း ပညာများကို အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များ အလွယ်တကူ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ သုတေသပြု စမ်းသပ် ဆောင်ရွက်ထားရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အချိတ်အဆက် မိမိဆောင်ရွက်ရန်နှင့် လက်လှမ်းတမီ သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်သူအားလုံးတို့က ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်းပေးထားပြီးဖြစ်၍ ဌာနနှင့် တောင်သူများ ပူးပေါင်း၍ မိုးသီးနှံ အောင်ရေရရှိ၍ နွေသီးနှံစိုက် ပျိုးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဖြေ ရှင်းကြရမည်ဖြစ်ကြောင်း၊ ရေအသုံးချသူများ အဖွဲ့(WUG) အစု အဖွဲ့များမှ ရေအသုံးချ သူများအသင်း(WUA) အဖြစ် တိုးချဲ့ဖွဲ့စည်း၍ ရေသောက်ဒေသ တစ်ခုချင်း၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေး ပူးပေါင်းကြိုးပမ်းသွားကြရန် ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က နိုင်ငံတကာတွင် လူထုအခြေပြု သဘာဝမြေဆွေးထုတ်လုပ်နေမှုနှင့် မြေဆွေးထုတ်လုပ်မှုနည်းစနစ် Video မှတ်တမ်းကို ပြသ၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် သုတေသနပြု ထုတ်လုပ်ထားရှိသော လေပေးစ နစ်ဖြင့် ကောက်ရိုးများ၊ သစ်ရွက်စိမ်းများ၊ နွားချေးများ အားသဘာဝမြေဆွေး ပြုလုပ်သည့် မြေဆွေးထုတ် လုပ်မှုစနစ်ကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ငလိုက်ဆည် ရေသောက်စနစ်ရေပေးမြောင်း တစ်လျောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 

ငလိုက်ရေလှောင်တမံ ဆည်ရေသောက်စနစ်ရှိ လယ်မြေ (၈၉၈၄)ဧက ကို အပြည့်အဝ စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားချက်အတိုင်း ပေးဝေလျက်ရှိပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ ကျန်ရှိဧကအား ဖြည့်စွက်ရေ ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်