များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့

နေပြည်တော် ၅ ဇန်နဝါရီ

 

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံ၊ တစ်နည်းဆိုရသော် တိုင်းတစ်ပါးသား လက်အောက်က ကျွန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။ မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှသည် ၁၉၄၈ ခုနှစ်ကာလသည် သူ့ကျွန်ဘဝ ဖြစ်ပါသည်။ ဗြိတိသျှကျွန်နိုင်ငံ ဖြစ်ရသည့်အတွက် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ဗြိတိသျှတို့၏ တစ်ဖက်သတ် အစီအမံအောက်တွင် မြန်မာပြည်သူတို့နေခဲ့ကြရသည်။ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဗြိတိသျှတို့ကသာ လွှမ်းမိုးထား၏။

 

ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဘာသာနေနေသည်ကို လက်နက်အင်အားဖြင့် လွှမ်းမိုးကျူးကျော် အုပ်ချုပ်ကြ၏။ ထို့နောက် ယင်းကျူးကျော်သူတို့က အရေးပါဆုံး တိုင်းပြည်စီးပွားရေး လုပ်ငန်းများကို မောင်ပိုင်စီးထား၏။ လုပ်ငန်းကြီးများအားလုံး၏ လုပ်ပိုင်ခွင့် မှန်သမျှကို မတရား အာဏာရယူထားသူတို့က ချုပ်ကိုင်ရယူထား၏။ နိုင်ငံရေး၊ စီးပွားရေးသာမက လူမှုဆက်ဆံရေးတွင်လည်း သခင် နှင့် ကျွန်ဆက်ဆံရေးကို ထူထောင်ထား၏။ မြန်မာတို့သည် ကျွန်များ ဖြစ်၏။ ၎င်းတို့ကို အရှင်သခင်သဖွယ် ပြောဆိုဆက်ဆံနေရာပေးရ၏။ မြန်မာနိုင်ငံအတွင်းမှ အချို့သော နေရာများကို မြန်မာလူမျိုးမဝင်ရဟူသော ခွဲခြားဆက်ဆံမှုမျိုးကို ပြောင်ပြောင်တင်းတင်း ကြေညာ လုပ်ဆောင်ခဲ့ခြင်းကိုကြည့်လျှင် သူ့ကျွန်ဘဝ၏ မမျှတမှုကို ရိပ်စားနိုင်ပါသည်။

 

တရားစီရင်ရေးစနစ်ဆိုသည်မှာလည်း အထူးတွေးကြည့်စရာ မလိုလောက်ဟုထင်သည်။ အဆင့်ဆင့်သော တရားစီရင်ရေးစနစ်၏ လွဲမှားမှုများ မမျှမတပြုမှုများကို ဗြိတိသျှလူမျိုးများထဲကပင် မခံနိုင်ဖြစ်ကာ ထုတ်ဖော်မှုများရှိခဲ့သည်။

 

တစ်ပါးကျွန်မဖြစ်လို၊ မတရားမှုများကို မခံစားလို၊ မမျှတမှုများကို မတွေ့ကြုံလို၊ မောင်ပိုင်စီးမှုများကို မလိုလားပြီဟူသည့် ပြင်းပြသည့် သဘောဆန္ဒတို့ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး ကျွန်ဘဝက လွတ်မြောက်ရေး စိတ်ဓာတ်တို့က နိုးထရုန်းကြွလာခြင်းဖြစ်ပါသည်။ သည်လိုနှင့်ပဲ အမျိုးသားလွတ်လပ်ရေး အရေးတော်ပုံများ၊ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများ တစ်ဆင့်ချင်း ပြင်းထန်လာ၊ အောင်မြင်မှုများ ရလာခဲ့ခြင်း ဖြစ်ပေသည်။

 

အမျိုးသားလွတ်လပ်ရေးဟူသည့် ဘုံအကျိုးစီးပွားနှင့် ဘုံရည်မှန်းချက်ပေါ်တွင် ညီညွတ်သည့် အမျိုးသားတပ်ပေါင်းစု စိတ်ဓာတ်က ခိုင်မြဲခဲ့သည်။ အမြော်အမြင်ကြီးသည့် ခေါင်းစဉ်တို့၏ အရည်အချင်း၊ ပြည်သူလူထု၏ လွတ်လပ်ရေးစိတ်ဓာတ်နှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ ညီညွတ်ရေးအင်အားတို့က မြန်မာ့လွတ်လပ်ရေး အောင်လံတော်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ယခု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်ခဲ့ပြီးသည်မှာ ၇၃ နှစ်၊ သို့သော်လည်း ပြည်သူလူထု၏ လွတ်လပ်လိုသည့် စိတ်ဓာတ်နှင့် တွဲယှဉ်ပါလာသည့် လိုလားချက်တို့က ယနေ့ထိမပြည့်ဝသေး။ မမျှတမှုတို့က နေရာတကာမှာ ရှိလို့နေဆဲ။

 

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများတွင် 'များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့' ဟူသည့် မျှော်လင့်ချက်တစ်ခု ပြည်သူတို့တွင် ရှိခဲ့သည်။ ထိုမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မည့် ပြည်သူလူထု၏ အဆုံးအဖြတ်ကသာ အဓိကဖြစ်သည့် နိုင်ငံရေးတရားမျှတမှု လူမှုဆက်ဆံရေး တရားမျှတမှု စီးပွားရှာဖွေ လုပ်ကိုင်ရာတွင် တန်းတူညီသည့် တရားမျှတမှု၊ တရားဥပဒေရေးရာ ညီမျှမှု၊ နိုင်ငံသား အားလုံး၏ တန်းတူရည်တူရှိမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်း ညီမျှမှုတို့က ယနေ့ထက်တိုင် ပြည့်ပြည့်ဝဝ မရှိသေးချေ။

 

ယင်းအတွက် ပြည်ထောင်စုသားအားလုံးတို့၏ တန်းတူညီမှု တရားမျှတမှုတို့ကို အာမခံနိုင်မည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထူထောင်ကြရမည် ဖြစ်ပါသည်။ ယင်းသို့သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားရေးနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ဖော်ဆောင်နိုင်ရေးတို့က လွတ်လပ်သော နိုင်ငံတစ်ခု၏အနှစ်သာရကို ဖော်ဆောင်ရာတွင် ကြီးမားသော အထောက်အပံ့ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း