မာန်အောင် ၂ ဧပြီ
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက် (၁၃၈၀ခုနှစ်၊ မဟာသင်္ကြန်အကြိုနေ့) နှင့် ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) များတွင် နံ့သာသွေးပြိုင်ပွဲ၊ သက်ကြီး ပူဇော်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နံ့သာသွေးပြိုင်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ယခုနှစ် မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် “ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ” ကို လှပျိုဖြူ အသင်း(၁၂)သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)


