၁၇  ဩဂုတ်

မြန်မာနိုင်ငံ၏ တတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးဖြစ်ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် “အများယုံကြည် လက်ခံသည့်ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” (Credible Elections Paving the way to Democracy) ဟူသော ဆောင်ပုဒ်ချမှတ်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျစေရေးဟူသည့် စံ ၅ ချက်နှင့်အညီ ရွေးကောက်ပွဲများကို ကျင်းပသွားမည် ဟု သတင်းများအရ သိရပါသည်။ ။

ကျွန်ုပ်တို့ကလည်း သူများပြောစကားဖြင့် လမ်း မဆုံးဘဲမိမိအနာဂတ်၊ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ရွေးကောက်ပွဲဖြစ်သည်ဟုခံယူကာ ကိုယ်စားလှယ်လောင်းများကို လက်လှမ်းမီသမျှ လေ့လာမဲပေးသင့်ပါ သည်။ ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံသားတို့က မိမိတို့၏ လက်ဝယ်တွင်ရှိသော ဒီမိုကရေစီပိုင်ခွင့် (မဲပေးခွင့်)ကို မှန်ကန်ကောင်းမွန်စွာ အသုံးချလျက် ဒေသကောင်းကျိုး ဖော်ဆောင်နိုင်လိမ့်မည်၊ ပြည်သူကို မျက်နှာမူလေးစားလိမ့်မည်ဟု ယူဆရသော အမတ်လောင်းကို လွတ်လပ်ပွင့်လင်းစွာ ရွေးချယ်ကြရ ပေမည်။ မိမိတို့မဲပေးရွေးချယ် လိုက်သည့် အမတ်များဖြင့် အချုပ်အခြာအာဏာ (ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး) (တစ်နည်း) အစိုးရတစ်ရပ်ကို ဖွဲ့စည်းကြပေမည်။ မိမိတို့ရွေးချယ်လိုက်သော အရည်အသွေးပြည့် အမတ်များလေလေ၊ အစိုးရကောင်း တစ်ရပ်ပီပြင်ရုပ်လုံးပေါ်လေလေ ဖြစ်ပေမည်။ မိမိ မဲမပေးဘဲ နေလိုက်သဖြင့် (သို့) အရွေးမှားသဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ မိမိတို့ ပြည်သူများအပေါ်တွင် ချက်ချင်း အကျိုးသက်ရောက်မည် ဖြစ်ပါသည်။ သို့အတွက် ဆန္ဒမဲပေးခြင်းက နိုင်ငံသားတစ်ယောက် အတွက် လွန်စွာအရေးပါသည်ကို တွေ့မြင်ရပေမည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) အပိုဒ် (၂၁)၊ အပိုဒ်ခွဲ(၃)တွင် “အစိုးရအုပ်ချုပ်မှုအာဏာသည် ပြည်သူတို့၏ဆန္ဒအပေါ် အခြေခံရမည်။ လူတိုင်းပါဝင်၍ တန်းတူညီမျှဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန် သည့်ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ် ရမည်။” ဟုဆိုထားပါသည်။ ဤသို့လျှင်ဆန္ဒမဲပေးခြင်းက လွန်စွာအရေးပါသည်ဖြစ်ရာ “ဆန္ဒမဲပေးပိုင်ခွင့် သမိုင်း ကြောင်း”ကို လေ့လာကြည့်ကြပါစို့။

ကမ္ဘာ့ဆန္ဒမဲပေးပိုင်ခွင့်သမိုင်း

ဒီမိုကရေစီစတင်ခဲ့သည့်ဘီစီ၆ရာစုခန့်က ဂရိမြို့ပြနိုင်ငံများတွင် ဒီမိုကရေစီအလေ့အကျင့်ကို တွေ့ရသော်လည်း မျိုးရိုးဇာတိအပေါ်အခြေခံ၍ မဲပေးပိုင်ခွင့်ကို သတ်မှတ်ထားသည်။ ထို့နောက် ပစ္စည်းပိုင်ဆိုင်မှုပေါ် အခြေခံခဲ့သည်။ ရောမတွင်လည်း ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် လူမှုရေးအဆင့်အတန်းအပေါ်မူတည်၍ အထက်တန်း လွှာများသာ မဲပေးခွင့်ရကြသည်။ ရောမအင်ပါယာ ခေတ်တွင် ကျေးကျွန်မဟုတ်သည့် လွတ်လပ်သော နိုင်ငံသားများ မဲပေးခွင့်ရကြသည်။ အလယ်ခေတ်တွင်မူ မြေယာပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် အခွန်ပေးဆောင်နိုင်မှု တို့အပေါ် အခြေခံ၍ မဲပေးပိုင်ခွင့်ကို သတ်မှတ်ခဲ့ကြသည်။

ကမ္ဘာ့ပါလီမန်တို့၏မိခင်ဖြစ်သော အင်္ဂလန်နိုင်ငံ၌ ၁၈၃၂ ခုနှစ်မတိုင်မီက မြေပိုင်ရှင်အနည်းငယ်သာ မဲပေးခွင့် ရကြပြီး ပြည်သူအများစုမှာ မဲပေးခွင့်မရကြပါ။ ထို့ကြောင့် နိုင်ငံရေးအုံကြွမှုများပေါ်ပေါက်လာပြီး ၁၈၃၂ ခုနှစ် ပြုပြင် ပြောင်းလဲရေးအက်ဥပဒေ၊ ၁၈၆၇ ခုနှစ်၊ ၁၈၈၄ ခုနှစ် ပြုပြင် ပြောင်းလဲရေးအက်ဥပဒေများဖြင့် မြို့နေလူထုနှင့် အသက် ၂၁ နှစ်ပြည့်သော ယောကျာ်းလေးတိုင်း မဲပေးခွင့်ရခဲ့သည်။ ထို့ပြင် အသက် ၃၀ ပြည့်သော အမျိုးသမီးများသည်လည်းကောင်း၊ နေအိမ်ပိုင်လျှင်သော်လည်းကောင်း၊ မြေခွန် ငါးပေါင် ပေးဆောင်ရလျှင်သော်လည်းကောင်း၊ နေအိမ်ပိုင် သူ (သို့) မြေခွန်ပေးဆောင်သူခင်ပွန်း၏ဇနီး ဖြစ်လျှင်သော် လည်းကောင်း မဲပေးခွင့်ရခြင်းဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင်မှ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရလာခြင်းဖြစ်၏။

အမေရိကန်တွင်မူ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကြေညာစာတမ်းနှင့် အခြေခံဥပဒေတို့၌ ပြဋ္ဌာန်းချက်များရှိသော်လည်း မဲပေးပိုင်ခွင့်က လက်တွေ့ ဖြစ်မလာခဲ့ပေ။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပညာအရည် အချင်းတို့ဖြင့် ကန့်သတ်ခဲ့သည်။ ၁၈၂၀ ပြည့်နှစ်တွင် မဲပေးခွင့်ကို တိုးချဲ့သတ်မှတ်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် လူဖြူအမျိုးသားတိုင်း မဲပေးခွင့်ရလာကြခြင်း ဖြစ်သည်။ အခြေခံဥပဒေပုဒ်မ(၁၄ နှင့်၁၅)တို့အရ နီဂရိုး လူမည်းများကို မဲပေးခွင့်ပြုသော်လည်း အချို့ပြည်နယ်များက လိုက်နာကျင့်သုံးခြင်းမရှိကြ။ လူခွန်တော် ပေးဆောင်မှုနှင့် ပညာအရည်အချင်း ကန့်သတ်ချက်ကြောင့်ဖြစ်သည်။ မဲပေးခွင့် မရကြသောအမျိုးသမီးထု၏ တိုက်ပွဲဝင်မှုကြောင့် ၁၉၂၁ ခုနှစ် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၁၉)ဖြင့် အမျိုးသမီးများ မဲပေးခွင့် ရရှိခဲ့ကြသည်။

ကိုလံဘီယာ ဒိစတြိတ်တွင် နေထိုင်ကြသူများ အတွက်လည်း ၁၉၆၁ ခုနှစ်ရောက်မှသာ မဲပေးခွင့်ရကြသည်။ ထို့နောက် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၂၆) အရ၊ ၁၉၇၁ ခုနှစ်ရောက်မှသာ အသက် (၁၈) နှစ် ပြည့်ပြီး သူများ မဲပေးခွင့်ရလာခြင်း ဖြစ်ပေသည်။

မြန်မာတို့၏ဆန္ဒမဲပေးပိုင်ခွင့်

ပုဂံဝန်ထောက်မင်း ဦးတင်ရေးသားသော မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းအရ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေးဦးမဆွကပင် ဒီမိုကရေစီ၏ အနှစ်သာရကိန်းဝင်နေကြောင်း၊ မင်းနှင့်ပြည်သူကြည်ဖြူစွာ ရွေးချယ်အုပ်ချုပ်ခဲ့ ကြကြောင်း တွေ့ရသည်။ များသောအားဖြင့် ကျေးလက်ဒေသတွင် အများပြည်သူ၏ဆန္ဒကို ဂရုပြုကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် မဲပေးပိုင်ခွင့်ကို ချုပ်ချယ်ကန့်သတ်ထားခြင်းမရှိကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာ့အခြေခံဥပဒေများကို လေ့လာသောအခါ- ၁၉၄၇ အခြေခံဥပဒေတွင် ပုဒ်မ(၇၆)၊ ပုဒ်မခွဲ(၂)တွင် “အသက် ၁၈ နှစ်ပြည့်၍ တရားဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ပါလီမန်တွင် အမတ်ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ တရားဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော နိုင်ငံသားတိုင်းသည် ပါလီမန်အတွက် ရွေးကောက်ပွဲ မဲဆန္ဒပေးပိုင်ခွင့်ရရှိရမည်” ဟူ၍ ပြဋ္ဌာန်းခဲ့ပါသည်။

၁၉၇၄ အခြေခံဥပဒေတွင် သာသနာ့ဝန်ထမ်းများနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ တားမြစ်ခံရသူမှ အပ- ပုဒ်မ (၁၇၄)၊ ပုဒ်မခွဲ(ခ)တွင် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သောနိုင်သားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်း ထားပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ပုဒ်မ(၃၉၂)ဖြင့် ပြဋ္ဌာန်းထားသောသာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံ နေရသူများ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊ လူမွဲ အဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခံထားရသူများမှအပ ပုဒ်မ ၃၉၁ (က)တွင် “ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ (အမတ် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ တရားဥပဒေပြဋ္ဌာန်း ချက်များနှင့်ညီညွတ်သော) ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည်ဆန္ဒ မဲပေးပိုင်ခွင့်ရှိသည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။ အထက်ပါ အချက်များကိုကြည့်လျှင် ကျွန်ုပ်တို့၏ နိုင်ငံဝယ် (မဲပေး ပိုင်ခွင့်) က ရာထူး၊ မျိုးရိုးဇာတိ၊ ဆင်းရဲချမ်းသာ၊ ကျားမ မခွဲခြားဘဲ မွေးရာပါအခွင့်အရေးကဲ့သို့ အရွယ်ရောက်သူတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိကြောင်း အထင် အရှားတွေ့မြင်ရသည် မဟုတ်ပါလား။

မဲစာရင်းမှာ ပါ,ပါမှ

အများယုံကြည်လက်ခံသော ရွေးကောက်ပွဲတစ်ခုအတွက် မဲစာရင်းက အလွန်အရေးကြီးသည်။ မဲစာရင်း တိကျမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အချိန်ယူ၍ စီစဉ်ပြုစုထားကြောင်း သိရသည်။ ထိုသို့ပြုစုသည့်အခါ မဲပေးပိုင်ခွင့်ရှိသူများ မကျန်စေရေးနှင့် အချက်အလက် မှန်ကန်ရေးတို့ကို ဂရုစိုက်ဆောင်ရွက်ကြရကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲဥပဒေပုဒ်မ-၆အရ “ရွေးကောက် ပွဲစတင်ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ/သက်ဆိုင်ရာ မဲဆန္ဒနယ်၌ပါဝင်သူ”တို့က မဲပေးပိုင်ခွင့်ရှိပြီး ပုဒ်မ(၇)အရ “သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေး သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား အဖြစ်ခံယူထားသူ”တို့က ဆန္ဒမဲပေးခွင့်မရှိပါ။ အဆိုပါ အချက်များကို ဂရုပြုပြီး ပြုစုထားသော မဲစာရင်းကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ရုံးများတွင် အများပြည်သူကြည့်ရှုနိုင်စေရန် ထားရှိပေးထားပါသည်။

အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် ကျွန်ုပ်တို့သည် မိမိ၏ အမည်မဲစာရင်းတွင်ပါဝင်ပါမှ မဲပေးနိုင်မည်။ သို့မဟုတ် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါမည်။ မဲစာရင်းတွင် ပါဝင်မဲပေးမှ အရည်အချင်းရှိသော အမတ်များကို ရွေးချယ် နိုင်ပါမည်။ အရည်အသွေးမီ အမတ်အရေအတွက် များလေလေ ကောင်းမွန်သော အစိုးရတစ်ရပ်ဖွဲ့နိုင်လေ ဖြစ်ပါမည်။ ကောင်းမွန်သောအစိုးရတစ်ရပ်ဖြစ်ပေါ်မှသာ ကျွန်ုပ်တို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မျှော်မှန်း သည့် ထာဝရငြိမ်းချမ်းပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ပေမည်ဖြစ်ကြောင်းရေးသားလိုက်ရပေသည်။  

မောင်ခိုင်မာ(အထက်မင်းလှ)