သတင်းဆောင်းပါး - မိမိုးအေး (ဘားအံတက္ကသိုလ်)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံစတုတ္ထအစည်းဝေးကို ၁၉.၈.၂ဝ၂ဝ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)မှာ စတင်ကျင်းပနေပါပြီ။ ဒီညီလာခံ မတိုင်ခင် ၁၃.၈.၂၀၂၀ ရက်နေ့က (၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော် ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး(Joint Implementation Coordination Meeting-JICM) ကိုလည်း ကျင်းပခဲ့ပါတယ်။ ဒီပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ “နားလည်မှုတွေ မျှဝေကြရတယ်။ ယုံကြည်မှုတွေ တည်ဆောက်ကြရ တယ်။ ဒီလိုမျိုး နားလည်မှု၊ ယုံကြည်မှုတွေတည်ဆောက် နိုင်ဖို့အတွက် ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ ဒဏ်ရာ ဒဏ်ချက်တွေ၊ ခံစားချက်တွေ၊ နာကျင်မှုတွေနဲ့ လိုအင်ဆန္ဒတွေကို ထပ်တူခံစားပေးနိုင်ဖို့ အထူးပဲအရေးကြီး ပါတယ်” ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ မှန်ပါတယ်ရှင်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုမရှိရင် ယုံကြည်မှုတည်ဆောက် လို့ မရနိုင်ပါဘူး။ ယုံကြည်မှုမရှိရင် သံသယတွေ ဖြစ်လာပြီး စေ့စပ်ညှိနှိုင်းလို့ရမှာ မဟုတ်ပါဘူး။
စစ်ရဲ့ အနိဋ္ဌာရုံ
နှစ်ပေါင်း ၇၀ ကျော် မငြိမ်းချမ်းခြင်းဆိုတဲ့ ပြဿနာ ကို ကျွန်မတို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြပါတယ်။ အဲဒီလို ဖြေရှင်းတဲ့နည်းလမ်းတွေထဲမှာ လက်နက်နဲ့ ဖြေရှင်းခဲ့ကြတာ ခုချိန်ထိပါပဲ။ အောင်မြင်မှုလည်း မရခဲ့ပါဘူး။ လက်နက်ကိုင်တိုက်တိုင်း မအောင်မြင်နိုင်တာကို တစ်ချိန်က စစ်ဘုရင်လို့ သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ အသောကမင်းကြီးက သက်သေပါပဲ။ လက်နက်ကိုစွန့်၊ စစ်ပွဲတွေရပ်လိုက်ပြီး တရားဓမ္မနဲ့ အုပ်ချုပ်ခဲ့တာကြောင့် တိုင်းနိုင်ငံတစ်ခုလုံး ငြိမ်းချမ်းခဲ့ရပါတယ်။ စစ်တိုက်လို့ မငြိမ်းချမ်းဘူးဆိုတာကို သိပြီး အမြင်မှန်ရခဲ့တယ်။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြောင့် နောင်တရခဲ့တယ်။
စစ်ပွဲတွေဟာ မငြိမ်းချမ်းဘူး၊ မတိုးတက်ဘူး၊ မဖွံ့ဖြိုး ဘူး၊ မတည်ငြိမ်ဘူး။ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ စိတ်ပိုင်း ဆိုင်ရာပါ ချို့ယွင်းစေပါတယ်။ ကျွန်မတို့အားလုံး စိုးရိမ်မှု တွေမရှိဘဲ နေချင်ကြတယ်။ နာကျင်မှုတွေမရှိဘဲ နေချင် ကြတယ်။ ဘေးအန္တရာယ်မရှိဘဲ နေချင်ကြပါတယ်။ ဆွေးနွေးပွဲမှာ တက်ရောက်ကြတဲ့ ခေါင်းဆောင်များလည်း အသောကမင်းကြီးလို စဉ်းစားကြရင် အကျိုးများ မှာ အမှန်ပါပဲ။
နှစ်ပေါင်း ၇၀ စစ်ပွဲတွေဟာ ပြည်ပကျူးကျော်စစ်ပွဲ တွေလည်း မဟုတ်ဘဲ ကိုယ့်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေကြတာကလည်း ဝမ်းနည်းစရာပါပဲ။ လူတွေ ရဲ့ တန်ဖိုးရှိလှတဲ့အသက်တွေ မရေတွက်နိုင်အောင် ကျွန်မတို့ ဆုံးရှုံးခဲ့ကြရပြီးပါပြီ။ စစ်ပွဲတွေ မရပ်သေး သရွေ့၊ စစ်ပွဲတွေ ရှိနေသေးသရွေ့ အသက်တွေ အများကြီး ထပ်ဆုံးရှုံးရဦးမှာပါ။
လူ့အသက်ဟာ တန်ဖိုးအရှိဆုံး
ရောဟိဏီမြစ်ရေကြောင့် နှစ်ဖက်ဆွေမျိုးတွေ စစ်တိုက်ပြီးဖြေရှင်းကြဖို့ပြင်ဆင်နေတာကို ဗုဒ္ဓကသွားပြီး ဖြေရှင်း ပေးခဲ့ပါတယ်။ လောကမှာ တခြားအရာတွေထက် လူ့အသက်ဟာ တန်ဖိုးအရှိဆုံး၊ အရေးအကြီးဆုံး ဖြစ်ပါ တယ်လို့ ဗုဒ္ဓက ဆုံးမခဲ့တာကြောင့် အသက်ပေါင်းများစွာ ချမ်းသာရာ ရခဲ့ပါတယ်။ တကယ်တော့ စစ်ပွဲဆိုတာ လူ့အသက်တွေနဲ့ မညှာမတာ ကစားကြတဲ့ပွဲလို့ ကျွန်မ မြင်မိပါတယ်။ တန်ဖိုးရှိတဲ့ လူ့အသက်တွေကို စစ်ပွဲတွေ မှာ မဆုံးရှုံးစေလိုပါဘူး။
ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက်ဆိုပြီး စစ်တိုက်နေ ကြတယ်ဆိုတဲ့သူတွေကို သာမန်ပြည်သူတစ်ယောက် အနေနဲ့ ကျွန်မ မေးခွန်းလေးတစ်ခု ရိုးရိုးလေးပဲ မေးကြည့်ပါမယ်။ စစ်ပွဲတွေကြောင့် အဲဒီဒေသတွေမှာ တကယ် ငြိမ်းချမ်း သွားပြီလား၊ တိုးတက်သွားပြီလား၊ အဲဒီဒေသက လူမျိုးစုတွေရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အဆင့်မြင့်သွားပြီလား။
စစ်ပွဲတွေကြောင့် ငြိမ်းချမ်းသွားတယ်။ တိုးတက်သွား တယ်ဆိုတာ မရှိပါဘူး။ စစ်ပွဲတွေကြောင့်သာလူတွေ သေကြတယ်။ မိဘမဲ့ကြရတယ်။ ကျီးလန့်စာစားနေကြရတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်။ ဒုက္ခရောက်ကြ ရတယ်။ ပြောလို့တောင် မကုန်နိုင်တာတွေ အများကြီးပါပဲ။ စစ်ပွဲတွေကြောင့် ကောင်းကျိုးတစ်ခုမှ မရှိတာကို ဒီနေ့အထိ ထင်ထင်ရှားရှား မြင်တွေ့နေရတာကတော့ အမှန်ပါပဲ။ စစ်တိုက်ပြီးမှ ဖြေရှင်းနိုင်မှာလား။ စစ်မတိုက် ဘဲနဲ့ရော မဖြေရှင်းနိုင်ဘူးလား။
စစ်ပွဲတွေရပ်လိုက်တဲ့ နောက်ပိုင်း
ကျွန်မ ဆယ်စုနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကရင်ပြည်နယ်ဟာ ကျွန်မစပြီး ရောက်တဲ့အချိန်က အခြေအနေနဲ့ ဒီနေ့အခြေအနေ အများကြီးကွာခြားသွားပါပြီ။ ဒေသတွင်းစစ်ပွဲတွေရပ်လိုက်တဲ့နောက်ပိုင်းမှာ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာတာပါ။ စစ်ပွဲတွေ မရှိတော့လို့ နယ်မြေအေးချမ်းသွားတယ်။ နယ်မြေအေးချမ်း တာကြောင့် သာယာလှပတဲ့ ကရင်ပြည်နယ်ဟာ ပြည်တွင်း ပြည်ပခရီးသွားတွေ မျက်စိကျလာတယ်။ ကုန်စည် စီးဆင်းမှုတွေ ကောင်းလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာတယ်။ ဒါဟာ စစ်ပွဲတွေ ရပ်လိုက်လို့ပဲ ဆိုတာဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်ပါပဲရှင်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထအစည်းဝေးကို သုံးရက်တိုင်ကျင်းပပြီး တွေ့ဆုံ ဆွေးနွေးကြမယ့်အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်များအနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိချင် တဲ့ ဆန္ဒရှိကြမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဆွေးနွေးကြတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် ဗုဒ္ဓက “စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ - ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်” လို့ မိန့်ကြားထားတာပါ။ ဒါကြောင့် ခုဆွေးနွေးကြမယ့် ခေါင်းဆောင်များက ထာဝရငြိမ်းချမ်းရေးရဖို့ စေတနာထား ပြီး ညှိနှိုင်းဆွေးနွေးကြမယ်လို့လည်း ယုံကြည်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းဝေးဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပြော ကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းထဲမှာ “အမှန်တကယ်မှာတော့ အပေးအယူအလျှော့အတင်း လုပ်ဆောင်ခြင်းဟာ အကျိုး တရားတွေ သိမြင်လာလေလေ ယုံကြည်မှုတွေဟာလည်း တစ်ဆင့်ချင်း တိုးလာလေလေပဲဖြစ်ပါတယ်။ ပထမတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာမယ်၊ ဒီနောက်တော့ ဆွေးနွေး ဖက်တွေပေါ်မှာ ယုံကြည်မှုရှိလာမယ်။ နောက်ဆုံး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှုရှိလာပြီး ဆွေးနွေးညှိနှိုင်းမှု တွေ အောင်မြင်လာ မှာ ဖြစ်ပါတယ်” လို့ ပါဝင်ပါတယ်။
ငြင်းခုံနေလို့ မအောင်မြင်နိုင်
မှန်ပါတယ်ရှင်။ တကယ်တော့ ဆွေးနွေးပွဲဆိုတာ ငြင်းခုံနေဖို့ မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက်ငြင်းခုံနေလို့ မအောင်မြင်နိုင်ပါဘူး။ ညှိနှိုင်းစေ့စပ်ဆွေးနွေးမှ အောင်မြင်တာပါ။ အပေးအယူမလုပ်၊ ညှိနှိုင်းစေ့စပ်မှုမရှိရင် ပျက်စီးတတ်တာကို ဗုဒ္ဓကဒပုစ္ဆေဇာတ်တော်မှာ ဆုံးမထားပါတယ်။ သူငယ်ချင်းဖြစ်တဲ့ ဖျံနှစ်ကောင်ဟာ သူတို့ နှစ်ယောက်ပေါင်းပြီး ခက်ခက်ခဲခဲဖမ်းမိတဲ့ငါးတစ်ကောင်ကို ဝေယူကြ ပါတယ်။ ဝေတဲ့အခါမှာ နှစ်ကောင်လုံးစဟာ အကောင်းဆုံးအလယ်သားကိုလိုချင်ကြတယ်။ တစ်ကောင်နဲ့တစ်ကောင် အလျှော့မပေးကြဘူး။ မင်းလည်း အလယ်အသားနဲ့ ခေါင်းယူ၊ ငါလည်း အလယ်အသားနဲ့ အမြီးယူဆိုတာမျိုးလည်း အပေးအယူမလုပ်ကြဘူး။ ငါကပဲ အလယ်ပိုင်း ယူမယ်ဆိုပြီး ငြင်းခုံကြပါတယ်။ ဒါကို အခွင့်အရေးတစ်ရပ် အနေနဲ့ စောင့်နေတဲ့မြေခွေးက ကူညီသလိုပုံစံနဲ့ အမြီးနဲ့ခေါင်းကို တစ်ကောင်စီကိုပေးပြီး အလယ်ပိုင်းကို ကိုက်ချီပြီး ပြေးပါရောတဲ့။ အဲဒီအခါကျမှပဲ မညှိနှိုင်းဘဲ၊ အပေးအယူ မလုပ်ဘဲ ငြင်းခုံနေတာကြောင့် သူတို့ အခွင့်အရေး လက်လွတ်ဆုံးရှုံး တာကို နောင်တရကြတယ်။
ယုံကြည်မှုဟာ အဓိကသောချက်
'ဝိဝါဒကေ သောတ္ထိဘာဝေါ နာမ နတ္ထိ - ငြင်းခုံရာ၌ (ခိုက်ရန်ပြုရာ၌) ချမ်းသာသည့် အဖြစ်မည်သည်မရှိ” လို့ ဗုဒ္ဓဆုံးမခဲ့တဲ့အတိုင်း လိုက်နာကျင့်သုံးကြရင်တော့ အကျိုး ရှိမှာ အမှန်ပါပဲ။ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားပြီး ဆွေးနွေးညှိနှိုင်း စေ့စပ်ကြရင် ဖြင့် အောင်မြင်မှုရမှာ အသေအချာပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံတဲ့နေရာမှာ ယုံကြည်မှုဟာ အဓိကသော့ချက်ပါပဲ။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိရင် အငြင်းပွားတာတွေ ဖြစ်လာနိုင်ပါတယ်။ ငြင်းခုံနေလို့လည်း အဖြေကောင်း၊ ရလဒ်ကောင်းထွက်မလာနိုင်ပါဘူး။ စေ့စပ်ညှိနှိုင်းတာဟာ ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါကို တွေ့ဆုံညှိနှိုင်းတဲ့သူတွေ သတိထားရ မှာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းမှ တိုးတက်မယ်
အသောကမင်းကြီးရဲ့ ကျောက်စာ အမှတ်-၇ မှာ နေရာဒေသကွဲပြားပြီး အယူဝါဒတွေ မတူညီကြပေမယ့် လည်း ညီညီညွတ်ညွတ်နဲ့ နေထိုင်ကြဖို့ တိုက်တွန်းထား ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း တိုင်းရင်းသားတွေဟာ ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ၊ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိနေပေမယ့်လည်း အပြန်အလှန်လေးစား ပြီး ညီညီညွတ်ညွတ်နေကြမှသာ ထာဝရငြိမ်းချမ်းမှုကို ရမှာပါ။ မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းလိုပါပဲ။ ကျွန်မတို့ ငြိမ်းချမ်းမှ တိုးတက်မယ်။ ဖွံ့ဖြိုးမယ်။ မငြိမ်းချမ်းမှုဟာ အရာအားလုံးကို ဆုတ်ယုတ်စေတယ်ဆိုတာ ဆွေးနွေးကြ မယ့်ပုဂ္ဂိုလ်တွေ သတိပြုစေလိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောကြားခဲ့သလို ကျွန်မတို့ တိုင်းရင်းသား တွေ ရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ခံစားချက်တွေ၊ နာကျင်မှု တွေနဲ့ လိုအင်ဆန္ဒတွေကို မမေ့မလျော့ ရှေ့တန်းက ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ဆုံးဖြတ်ပေးစေလို ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းဝေးကြီးမှာ အောင်အောင်မြင်မြင် စေ့စပ် ညှိနှိုင်းဆွေးနွေးနိုင်ကြမယ်လို့ ကျွန်မတို့ ပြည်သူတွေ အားလုံး မျှော်လင့်ထားကြပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း တွေ ခိုင်ခိုင်မြဲမြဲလက်တွဲပြီးဆောင်ရွက်နိုင်ကြပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။ စစ်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းနိုင်ကြပါစေ။ ကျွန်မတို့ အားလုံးမျှော်လင့်ထားတဲ့ ထာဝရငြိမ်းချမ်းရေးရရှိပါစေ။ ကာယစိတ္တနှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သပါတယ်ရှင်။ ။


