မဲတစ်ပြားရဲ့တန်ဖိုးကို သိစေချင်ပါတယ်။ အများဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်က ကိုယ် မဲမပေးလိုက်တဲ့ ကိုယ်စားလှယ်ဆိုပေမယ့် ကိုယ့်ကိုယ်စားလှယ်နဲ့ အတူတူပဲလို့ သတ်မှတ်ရမှာပါ

မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနှင့် ဥပဒေခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနှင့် ဥပဒေခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒနေလင်း၊ ဦးစီးအရာရှိ ဒေါ်နေခြည်ကျော်မင်းနှင့် ဒေါ်ရွှေစင်ကြည်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနဲ့ မဲဆန္ဒရှင်တွေ သူတို့ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ်က ပယ်မဲတွေဖြစ်မသွားစေရေး၊ စစ်မှန်တဲ့ ဆန္ဒမဲ လက်မှတ်ဖြစ်စေရေးနဲ့ခိုင်လုံသော ဆန္ဒမဲလက်မှတ်ဖြစ်ရေးတို့ကို ရည်ရွယ်ပါတယ်။ မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲတိုင်းမှာ ဆန္ဒမဲပေးကြမယ်။ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရဘူး၊ သူတို့ပေးလိုက်တဲ့ ဆန္ဒမဲဟာလည်း ခိုင်လုံမဲဖြစ်ရမယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မဲဆန္ဒရှင်တစ်ယောက်က သူ့မှာဘာတာဝန်တွေရှိတယ်။ ဘာအခွင့်အရေးတွေရှိတယ်။ ဘာတွေသိသင့်တယ်။ ဘာတွေလိုက်နာပြီး ဘာတွေရှောင်ရမလဲ ဆိုတာတွေကို မျှဝေချင်ပါတယ်။ မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနဲ့ ဥပဒေဆိုတော့ မဲဆန္ဒရှင်ဆိုတာ ဘာကိုခေါ်တာလဲ။ မဲဆန္ဒရှင်ဆိုတာ ဘာကိုပြောတာလဲဆိုတဲ့ အနှစ်ချုပ်လေးကို နားလည်လွယ်အောင် ဦးနန္ဒနေလင်းက ပြောပြပေးပါဦး။

 

ဦးနန္ဒနေလင်း ။ ။ လွှတ်တော် ရွေးကောက်ပွဲတစ်ရပ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးကို မဲဆန္ဒရှင်လို့ မှတ်သားမိပါတယ်။

ဦးမြင့်နိုင် ။ ။ အဲဒါဆိုရင် ဘယ်သူတွေက ဆန္ဒမဲပေးပိုင်ခွင့်ရှိသလဲ။

ဦးနန္ဒနေလင်း။ ။ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့မှာ အသက်(၁၈)နှစ် ပြည့်ပြီးသူ၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ မဲစာရင်းမှာ ပါဝင်သူတွေဟာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေလို့ မှတ်သားမိပါတယ်။

 

ဦးမြင့်နိုင် ။ ။ ဘယ်သူတွေက ဆန္ဒမဲပေးပိုင်ခွင့် မရှိတဲ့သူတွေလဲ။

ဦးနန္ဒနေလင်း။ ။ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေတယ်လို့ သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း သတ်မှတ်ခြင်းခံရသူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူတွေဟာ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေလို့ မှတ်သားမိပါတယ်။

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင်တစ်ယောက်ရဲ့ အဓိကကျတဲ့ တာဝန်တွေကိုလည်း ဆွေးနွေးပေးပါဦး။

ဦးနန္ဒနေလင်း ။ ။ ဟုတ်ကဲ့ပါ။ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက မဲစာရင်းတွေကို ကြေညာတဲ့အခါ သက်ဆိုင်ရာ မဲစာရင်းမှာ ကိုယ့်ရဲ့အမည်ပါဝင်ခြင်း ရှိ မရှိကို လာရောက်ကြည့်ရှုဖို့နဲ့ မဲရုံကိုမဲပေးဖို့လာတဲ့အခါ မဲရုံမှူးက တာဝန်အရ ညွှန်ကြားခြင်းကိုလိုက်နာဖို့ တာဝန်ရှိတယ်ဆိုတဲ့ အချက်(၂)ချက်ကို မှတ်သားမိပါတယ်။

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင်တစ်ဦးရဲ့ အခွင့်အရေးတွေကို ဒေါ်နေခြည်ကျော်မင်းက ပြောပြပေးပါဦး။

ဒေါ်နေခြည်ကျော်မင်း ။ ။ မဲဆန္ဒရှင်တစ်ဦးရဲ့ အခွင့်အရေးတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို လျှို့ဝှက်ဆန္ဒမဲနဲ့ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရွေးကောက်ပွဲ စနစ်ဟာ မဖြစ်မနေမဲပေးရတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ကာယကံရှင် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးလိုက မဲပေးနိုင်ပြီး မဲမပေးဘဲနေလိုက မဲမပေးဘဲနေပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် မဲပေးခြင်းဆိုတာဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့အခွင့် အရေးကို မဆုံးရှုံးအောင် ဂရုစိုက်ပြီးတော့ မဲပေးသင့်ပါတယ်။

 

နောက်တစ်ချက်က မဲဆန္ဒရှင်တစ်ဦးဟာ ဆန္ဒမဲလက်မှတ်မှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်ကို မဖတ်တတ်ဘူး။ ဒါမှမဟုတ် မဲမပေးတတ်ဘူးဆိုရင် မဲစာရင်းမှာပါဝင်တဲ့ ကာယကံရှင်မဲဆန္ဒရှင်ရဲ့ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမအရင်း တစ်ဦးဦး ဒါမှမဟုတ် သားသမီးတစ်ဦးဦးရဲ့ အကူအညီကိုရယူပြီး ကာယ ကံရှင်မဲဆန္ဒရှင်ရဲ့ သဘောဆန္ဒအတိုင်း လျှို့ဝှက်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ ဒီလိုမျိုး ကူညီဆောင်ရွက်ပေးမယ့်သူ တစ်ဦးဦး မပါလာခဲ့ဘူးဆိုရင်လည်း စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ရဲ့အခက်အခဲကို မဲရုံမှူးထံ ပြောပြပြီး အကူအညီ ရယူပိုင်ခွင့်ရှိပါတယ်။

 

နောက်တစ်ချက်က မဲဆန္ဒရှင်ဟာ မသန်စွမ်း မဲဆန္ဒရှင်ဖြစ်နေမယ်ဆိုရင်လည်း အရှေ့မှာပြောခဲ့သလိုမျိုး မဲစာရင်းမှာပါဝင်တဲ့ မသန်စွမ်းမဲဆန္ဒရှင်ရဲ့ မိခင်၊ ဖခင်၊ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ တစ်ဦးဦး၊ သားသမီးတစ်ဦးဦး ဒါမှမဟုတ် မသန် စွမ်းမဲဆန္ဒရှင် ကိုယ်တိုင်ကရွေးချယ်ထားတဲ့ သူတစ်ဦးဦးရဲ့ အကူအညီကို ရယူပြီးတော့လည်း မဲပေးပိုင်ခွင့်ရှိပါတယ်။ 
နောက်တစ်ခုက ရွေးကောက်ပွဲမကျင်းပခင်မှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကျင်းပပြီး ၁၅ ရက် အတွင်းမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်တယ် ဆိုပြီးတွေ့ရှိရင် မဲဆန္ဒရှင်တွေဟာ သက်သေအထောက်အထား အခိုင်အလုံနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ သွားရောက် တိုင်ကြားပိုင်ခွင့် ရှိပါ တယ်။

 

နောက်တစ်ချက်က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို မဲဆန္ဒရှင်တွေအနေနဲ့သိချင်ရင် ငွေစာရင်းမိတ္တူ အမှန်ကို တစ်မျက်နှာကို ငွေ$တစ်ထောင်ပေးသွင်းပြီး ရယူပိုင်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်လိုတယ်ဆိုရင်လည်း ကန့်ကွက်လွှာမှာ ဆီလျော်စွာဖြည့်သွင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ သတ်မှတ်ထားတဲ့အတိုင်း တင်သွင်းပိုင်ခွင့် ရှိပါတယ်။ ဒါတွေဟာ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဆောင်ရွက်နိုင်တဲ့၊ ရရှိနိုင်တဲ့ အခွင့်အရေးတွေပဲဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ ဒါတွေဟာ မဲဆန္ဒရှင်အနေနဲ့သိသင့်တဲ့ အချက်တွေပါ။ ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာ တင်နိုင်တယ်ဆိုတာကို သာမန်အားဖြင့်တော့ ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကပဲ ကန့်ကွက် နိုင်တယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျ မဲဆန္ဒရှင် ကိုယ်တိုင်ကလည်းပဲ ကန့်ကွက်နိုင်တယ်။ အဲဒီတော့ မဲဆန္ဒရှင်က ကန့်ကွက်လွှာတင်တာနဲ့၊လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်တာနဲ့ ဘယ်လိုကွာခြားလဲဆိုတာ ပြောပြပါဦး။

 

ဒေါ်နေခြည်ကျော်မင်း ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်တယ်ဆိုတာ အနိုင်ရရှိသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဟာဆိုရင် မတရားမဲ့ပြုကျင့်ပြီးတော့ အနိုင်ရရှိသွားတယ်ဆိုပြီး သူ့ကို အနိုင်ပေးဖို့ ကန့်ကွက်တာပါ။ မဲဆန္ဒရှင်က ကန့်ကွက်တယ်ဆိုတာကတော့ ရွေးကောက်ပွဲကြီးဟာ တရားမျှတမှုမရှိဘူးဆိုတဲ့ သဘောနဲ့ကန့်ကွက်တာပါ။

 

ဦးမြင့်နိုင် ။ ။ ကွာခြားချက် ကလေးပါ။ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ပြီးမှ အနိုင်ရရှိသွားတယ်။ ဒါ့ကြောင့် သူအနိုင်ရတာကို ပယ်ဖျက်ပြီးတော့ ကျွန်တော့်ကို ရွေးကောက်တင်မြှောက်ခံရသူအဖြစ် အသိအမှတ် ပြုပေးပါဆိုပြီး ကန့်ကွက်တာပါ။ အနိုင်ရသူဟာ တရားမဲ့ပြုကျင့်ပြီး အနိုင်ရသွားတာ ဟုတ်တယ်ဆိုပြီး ကန့်ကွက်လွှာစစ်ဆေးပြီး ပေါ်ပေါက်လာရင်တော့ သူ့ကိုအနိုင်ရသူအဖြစ်မှ ပယ်ဖျက်ပြီးတော့ ကန့်ကွက်တဲ့သူကိုပဲ သူဟာတရားမဲ့ ပြုကျင့်ပြီး ဆောင်ရွက်ခဲ့ခြင်းမရှိတဲ့အတွက် အနိုင်ပေးလိုက်တဲ့ သဘောဖြစ်သွားတယ်။ မဲဆန္ဒရှင်က ကန့်ကွက်တာကတော့ သူကရွေးကောက်ခံတဲ့သူ မဟုတ်ဘူး။ သူက မဲပေးတဲ့သူ၊ သူကဘယ်လို ကန့်ကွက်နိုင်လဲဆိုတော့ ဒီရွေးကောက်ပွဲကြီးဟာ လွတ်လပ်တဲ့ရွေးကောက်ပွဲ မဟုတ်ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူးဆိုပြီး ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကန့်ကွက်နိုင်တယ်။ ကန့်ကွက်လွှာပေါ်မှာ ခုံရုံးဖွဲ့စစ်ဆေးလိုက်လို့ မဲဆန္ဒရှင်ရဲ့ ကန့်ကွက်ချက်ဟာ မှန်တယ်ဆိုရင် ဒီရွေးကောက်ပွဲကို ဘယ်သူ့မှအနိုင်မပေးဘဲ ပယ်ဖျက်လိုက်တယ်။ လစ်လပ်မဲဆန္ဒနယ် အဖြစ် သတ်မှတ်လိုက်တာပါ။ ဒါကတော့ ကိုယ်စားလှယ်လောင်းက ကန့်ကွက်တာနဲ့ မဲဆန္ဒရှင်ကကန့်ကွက်တာရဲ့ ခြားနားချက်ပါ။ 

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင်တစ်ဦး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရအောင်ဆိုရင် မဲစာရင်းမှာပါရမယ်။ ဒါ့ကြောင့် မဲစာရင်းမှာပါဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုလဲ ဒေါ်ရွှေစင်ကြည်က ပြောပြပါဦး။

ဒေါ်ရွှေစင်ကြည် ။ ။ မဲစာရင်းတွေ ကပ်ထားကြေညာတဲ့အခါ သွားရောက်ကြည့်ရှုပြီး မိမိအမည်ပါဝင်ခြင်းမရှိရင် ထည့်သွင်းပေးဖို့ တောင်းဆိုလွှာ ပုံစံ(၃)နဲ့ တင်သွင်းရမှာဖြစ်ပြီးတော့ မဲစာရင်းပါအမည်နဲ့ အခြားအချက်အလက် တွေကို ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄) နဲ့ တင်သွင်းရမှာပါ၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ဖို့ရှိတယ်ဆိုရင်တော့ ပြင်ဆင်လွှာ ပုံစံ(၄-ဂ)နဲ့ တင်သွင်းရမှာ ဖြစ်ပါတယ်။

 

ပြီးတော့ မဲဆန္ဒနယ် တစ်နယ်ထက်ပိုတဲ့ မဲဆန္ဒနယ်တွေရဲ့ မဲစာရင်းမှာ မိမိရဲ့အမည်ပါရှိနေရင် မိမိမဲပေးလိုတဲ့ မဲဆန္ဒနယ်မှာ မဲပေးနိုင်ဖို့အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို တင်ပြဆောင်ရွက်ရပါမယ်။ မဲဆန္ဒနယ် တစ်ခုအတွင်းမှာရှိတဲ့ ရပ်/ကျေး တစ်ခုထက်ပိုတဲ့ မဲစာရင်းတွေမှာ မိမိရဲ့အမည်ပါရှိနေတယ်ဆိုရင်တော့ မိမိမဲပေးလိုတဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုမှာ မဲပေးနိုင်ဖို့အတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲကို တင်ပြဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဒေသတစ်ခုမှ အခြားဒေသတစ်ခုကို ပြောင်းရွှေ့လိုတဲ့အခါ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေ မှတ်ပုံတင်ရေးနည်း ဥပဒေ ၂၆ (၂)နဲ့ နည်းဥပဒေ ၂၇ (၁)တို့အရ ထုတ်ပေးတဲ့ပုံစံ (၁ဝ) သို့မဟုတ် (၉ဝ/၁/ န(သ))နဲ့ အတူ လက်ရှိမဲဆန္ဒနယ်စာရင်းမှာ မိမိအမည်ကိုပယ်ဖျက်ပြီး အခြားမဲဆန္ဒနယ်ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုလွှာ ပုံစံ(၄-က)နဲ့ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

အပိုဒ်ခွဲ(ဃ)အရ ဆောင်ရွက်ပြီးနောက် မိမိရဲ့အမည်ကို မဲစာရင်းမှပယ်ဖျက်ပြီးကြောင်း အထောက်အထား ဖြစ်တဲ့ ပုံစံ (၄-ခ) ကို အဲဒီရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲက တောင်းယူရပါမယ်။ အဲဒီနောက် မိမိပြောင်းရွှေ့ ရောက်ရှိတဲ့နေရာရဲ့ အိမ်ထောင်စုဇယားနဲ့ ပုံစံ(၄-ခ)တို့ပူးတွဲပြီး တောင်းဆိုလွှာ ပုံစံ(၃)ကို မိမိပြောင်းရွှေ့ နေထိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲကို တင်သွင်းလျှောက်ထားရမှာဖြစ်ပါတယ်။ ပြီးတော့ နောက် တစ်ခုအနေနဲ့ အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက်မနည်း မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေပြီး ကိုယ့်ရဲ့ အမြဲတမ်းနေရပ်ကို ပြန်လည်ပြီး မဲပေးလိုခြင်းမရှိရင် ကိုယ်ရောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိဖို့အတွက် တောင်းဆိုလွှာ ပုံစံ(၃-က)နဲ့ သက်ဆိုင်ရာ ရပ်/ ကျေး ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင်တွေ မဲစာရင်းထဲပါမှ မဲပေးခွင့်ရမှာဖြစ်တယ်။ မဲစာရင်းထဲပါသွားလို့ မဲပေးပိုင်ခွင့် ရသွားတဲ့အခါ ဆန္ဒမဲကို နည်းလမ်းနှစ်သွယ်နဲ့ပေးနိုင်တယ်။ တစ်ခုက မဲရုံကိုသွားပြီး ကိုယ်တိုင်ကိုယ်ကျ ဆန္ဒမဲပေးတာ။ နောက်တစ်ခုကတော့ အကြောင်းကြောင်းကြောင့် မဲရုံကိုမသွားနိုင်ခဲ့ဘူး၊ အဲဒီလိုဆိုရင်လည်း မဲဆန္ဒ ပေးပိုင်ခွင့် မဆုံးရှုံးစေရအောင် ဘယ်လိုသတ်မှတ် ထားလဲဆိုတာ ဦးနန္ဒနေလင်းက ဆွေးနွေးပေးပါဦး။

 

ဦးနန္ဒနေလင်း ။ ။ ကြိုတင်ဆန္ဒမဲနဲ့ ဆန္ဒပြုလို့ရပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရက်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ မဲဆန္ဒနယ်ပြင်ပကို ခရီးဝေးသွားဖို့ရှိရင် ဒီလိုခရီးဝေးသွားဖို့အကြောင်းကို ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲကို ခိုင်လုံသော အထောက်အထားတင်ပြနိုင်ခဲ့မယ်ဆိုရင်၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့ရက်မှာ မဲစာရင်းပါရှိရာ ဒေသကကျော်လွန်ပြီး သွားရောက်တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်း ဒါမှမဟုတ် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေဆိုရင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရပါတယ်။

 

မဲဆန္ဒနယ်အတွင်းမှာရှိသော်လည်း မဲရုံကို ကိုယ်တိုင်လာရောက်ပြီး ဆန္ဒမဲမပေးနိုင်တဲ့ အနာကြီးရောဂါ စွဲကပ်နေသူတွေ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူတွေ၊ အသက်အရွယ် ကြီးရင့်နေသူတွေ၊ နေအိမ်မှာ မီးဖွားနေသူတွေ၊ မသန်စွမ်းသူတွေ၊ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းမှာ အချုပ်ခံနေရသူတွေ၊ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသူတွေဖြစ်ရင်လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ ဆန္ဒမဲပေးမယ့်နေ့မှာ သွားရောက်ပြီး ဆန္ဒမဲမပေးနိုင်ဘဲ ခရီးဝေးကို သွားဖို့ရှိတယ်ဆိုပါတော့၊ ခိုင်လုံတဲ့ အထောက်အထားနဲ့ သက်သေခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိတယ်လို့ ဆိုတော့ ဘယ်နှရက်အတွင်း ပေးနိုင်တာလဲ။

ဦးနန္ဒနေလင်း ။ ။ နှစ်ရက်အတွင်း ပေးနိုင်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ တာဝန်ရှိတဲ့ ကော်မရှင် အဖွဲ့ခွဲတွေက သေသေချာချာ စိစစ်ဖို့လိုပါတယ်။ အလွယ်တကူ ခွင့်ပြုပေးလိုက်မယ်ဆိုရင် အဲဒီမှာကြိုတင်မဲပေးမယ့်သူတွေ များသွားမှာဖြစ်တယ်။ တကယ့်ကို မဖြစ်မနေ သွားတဲ့သူ ဖြစ်မှသာလျှင်ပေးရမယ်။ မဲပေးမယ့်နေ့မှာ မဲရုံကို မလာရောက်နိုင်ဘဲ တာဝန်အရ အပြင်ဘက် သွားမယ့် ပုဂ္ဂိုလ်တွေ သူတို့တွေအတွက် ဘယ်နှရက်သတ်မှတ်ထားပါသလဲ။

ဦးနန္ဒနေလင်း ။ ။ ၁ဝ ရက် သတ်မှတ်ထားပါတယ်။

 

ဦးမြင့်နိုင် ။ ။ တခြားတစ်နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ တချို့မဲရုံမှူးတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေလို မဲဆန္ဒနယ်ပြင်ပကို မဖြစ်မနေသွားရတော့မယ့်သူတွေကျ ခုနကနှစ်ရက်နဲ့ ၁ဝ ရက် လိုမျိုးတွေ သူတို့တွေကျ ဘယ်မှာသွားပြီး မဲပေးရမှာလဲ။

ဦးနန္ဒနေလင်း ။ ။ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ လူကိုယ်တိုင် လာရောက်ပေးရမှာ ဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ နောက်တစ်ခုက မဲဆန္ဒနယ်အတွင်း နာမကျန်းနေတဲ့သူတွေ၊ အသက်ကြီးနေတဲ့သူတွေ၊ မီးဖွားနေတဲ့သူတွေရော၊ အချုပ်ကျနေတဲ့သူတွေ၊ သူတို့တွေကျ ဘယ်လိုမဲပေးမလဲ၊ ဘယ်နေ့မှာသွားယူမလဲ၊ ဘယ်သူသွားယူမလဲ။

ဦးနန္ဒနေလင်း ။ ။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ပုဂ္ဂိုလ်နှစ်ဦးက သူတို့ဆီကို သတ်မှတ်ထားတဲ့ နှစ်ရက်အတွင်း ကိုယ်တိုင်ကိုယ်ကျ သွားယူပေးမှာဖြစ်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒနယ်ပြင်ပမှာ ရောက်ရှိနေတဲ့ သင်တန်းသားတွေ၊ ဆေးရုံတက်နေသူတွေ၊ အစိုးရတာဝန်နဲ့ ပြင်ပရောက်နေသူတွေ ကြိုတင်မဲကို ဘယ်လိုပေးရမလဲ။

ဦးနန္ဒနေလင်း ။ ။ ပုံစံ(၁၅)နဲ့တောင်းမှ ကြိုတင်မဲပေးခွင့်ရမှာဖြစ်တယ်။

 

ဦးမြင့်နိုင် ။ ။ မဲဆန္ဒရှင် ရောက်ရှိနေရာကနေပြီး မဲဆန္ဒနယ်ပြင်ပရောက်ရှိနေကြောင်း ပုံစံ (၁၅)နဲ့ တောင်းခံရင် ဆန္ဒမဲပေးခွင့်မဆုံးရှုံးတော့ဘူး။ မဲပေးတာသည် ခိုင်လုံမဲဖြစ်ဖို့လိုပါတယ်။ မဲပေးပိုင်ခွင့်ရပြီး ကိုယ်ပေးလိုက်တဲ့ မဲက ကိုယ်ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းဆီရောက်သွားမယ်၊ ခိုင်လုံမဲဖြစ်သွားမယ်။

 

ဒေါ်နေခြည်ကျော်မင်း ။ ။ မဲဆန္ဒရှင်တစ်ဦးဟာမဲရုံအတွင်း ရောက်ရှိပြီဆိုတာနဲ့ အရင်ဆုံး မဲစာရင်းစစ်ဆေးသူထံ သွားရမယ်။ သွားပြီးတော့ ကိုယ့်ရဲ့အမည်ရယ်၊ မဲစာရင်းအမှတ်စဉ်ရယ်ကိုပြောရမယ်။ ပြီးတော့ ကိုယ်ယူဆောင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပေးအပ်ရမယ်။ မဲစာရင်းစစ်ဆေးသူက သူ့ရဲ့ မဲစာရင်းမှာ အမည်ပါမပါကြည့်မယ်။ အချက်အလက် မှန် မမှန်ကိုလည်း တိုက်ဆိုင်စစ်ဆေးမယ်။ စစ်ဆေးပြီးလို့ မှန်ကန်တယ်ဆိုရင် လက်မှတ်ရေးထိုးပေးရမယ်။

 

တကယ်လို့ လက်မှတ်မထိုးတတ်ဘူးဆိုရင်လည်း စိတ်ပူစရာမလိုဘူး။ လက်ဝဲလက်မ လက်ဗွေနှိပ်ဖို့ကို တောင်းဆိုနိုင်တယ်။ ပြီးတာနဲ့ မဲလက်မှတ် ထုတ်ပေးသူထံကိုသွားပြီးတော့ မဲလက်မှတ်ထုတ်ယူရမယ်။ ဒီနေရာမှ တစ်ခုပြောချင်တာက မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်လက်ထဲကို မဲလက်မှတ် ရောက်လာပြီဆိုရင် ဒီမဲလက်မှတ်က ခိုင်လုံမဲဖြစ်ဖို့ မဲရုံမှူး လက်မှတ်ပါ မပါ သေချာကြည့်ရမယ်။ ပြီးတော့ မဲလက်မှတ်မှာ အစွန်းအထင်းတွေရှိနေလား၊ စုတ်ပြဲနေလားဆိုပြီး သေချာစိစစ်ရမယ်။ တကယ်လို့ ဒီမဲလက်မှတ်မှာ မဲရုံမှူးလက်မှတ်မပါတာ၊ စွန်းထင်းနေတာ၊ စုတ်ပြဲနေတာတွေတွေ့ရင် မဲရုံမှူးထံမှာ မဲလက်မှတ်အသစ်ကို ထပ်မံတောင်း ဆိုနိုင်ပါတယ်။ ပြီးတာနဲ့ မဲလက်မှတ်ရလာပြီဆိုရင် မဲဆန္ဒရှင်ဟာ လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းမှာ ဝင် ရောက်ပြီး ဆန္ဒမဲပေးနိုင်ပြီ ဖြစ်ပါတယ်။

 

ဆန္ဒမဲပေးတဲ့နေရာမှာ ဘယ်လိုပေးရလဲဆိုတော့ မဲလက်မှတ်ပေါ်မှာ ကိုယ်ဆန္ဒပြုလိုတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းရဲ့အမည်နဲ့ ပါတီတံဆိပ်အမှတ်အသား ဘေးဘက်တည့်တည့်မှာရှိတဲ့ လေးထောင့်အကွက် အတွင်းမှာ အမှန် ခြစ်တံဆိပ်တုံးကို ရိုက်နှိပ်ပြီးတော့ ဆန္ဒပြုပေးရမှာဖြစ်ပါတယ်။ ဆန္ဒပြုရွေးချယ်တဲ့ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကိုပဲ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ မဲဆန္ဒနယ် တစ်နယ်မှာဆိုရင် လွှတ်တော်တစ်ရပ်အတွက် ဆန္ဒမဲတစ်မဲပဲပေးရမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့မဲဟာ ပယ်မဲ မဖြစ်ဖို့လည်း အထူးဂရုစိုက်ပြီးတော့ မဲပေးရမှာပါ။ ဆန္ဒမဲပေးပြီးပြီဆိုရင် မဲလက်မှတ်ကို သေချာခေါက်ပြီး သက်ဆိုင်ရာ လွှတ်တော်မဲပုံးထဲကို ထည့်ပေးရမှာဖြစ်ပါတယ်။ မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီဆိုရင် မဲဆန္ဒရှင် တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာဝင်ရောက် မဲပေးပြီးပြီဆိုတာကို သက်သေအထောက်အထား အနေနဲ့ လက်ဝဲလက်သန်းကို မင်တို့မှုခံယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မင်တို့ပေးသူထံ သွားရောက်ပြီး မင်တို့မှု ခံယူရပါမယ်။ ဒါတွေကတော့ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ မဲရုံအတွင်းမှာ ဆောင်ရွက်ရမယ့် အကြမ်းဖျင်းလုပ်ငန်းစဉ် တွေပဲဖြစ်ပါတယ်။

 

ဦးမြင့်နိုင် ။ ။ မဲလက်မှတ်က မဲရုံမှူးလက်မှတ်မပါဘူး။ စုတ်ပြဲနေတယ်ဆိုရင် အစွန်းအထင်းတွေ ရှိနေတယ်ဆိုရင် ပြန်လဲဖို့ပြောခဲ့တယ်။ ဒါဆိုရင် လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းဝင်ပြီး ဆန္ဒမဲလက်မှတ်မှာ ဆန္ဒပြုပြီး မဲပုံးထဲထည့်ခါနီးမှ အစွန်းအထင်းအစုတ်အပြဲတွေ ရှိနေလို့ ပြန်လဲပေးပါဆိုရင်ရော လဲလို့ရပါသလား။

ဒေါ်နေခြည်ကျော်မင်း ။ ။ အဲဒီလိုအခြေအနေမျိုး ဆိုရင်တော့ ပြန်လဲမပေးပါဘူး။ ဒါကြောင့် ဆန္ဒမဲလက်မှတ်ထုတ်ပြီး လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း မဝင်ရောက်ခင်မှာပဲ သေချာစွာစိစစ်ရမှာပါ။ ဆန္ဒပြုခန်း အတွင်း ဝင်ရောက်ပြီးမှဆိုရင်တော့ ဘယ်လိုအကြောင်းနဲ့မျှ ဆန္ဒမဲလက်မှတ်ကို ပြန်လဲမပေးပါဘူး။

 

ဦးမြင့်နိုင် ။ ။ ဒါလည်းအဓိကကျတဲ့ အချက်ပဲ။ ဆန္ဒပြုပြီးမှ ဆိုတဲ့အခါကျတော့ အငြင်းပွားနိုင်တာပေါ့။ ဒါ့ကြောင့် ဆန္ဒမပြု ခင်သေချာစွာကြည့်ပြီး ဆောင်ရွက်သင့်တယ်။ ဆက်လက်ပြီးတော့ ပယ်မဲဖြစ်သွားနိုင်တဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီးလည်း ဒေါ်နေခြည်ကျော်မင်းက ရှင်းပြဆွေးနွေးပေးပါဦး။ 

ဒေါ်နေခြည်ကျော်မင်း ။ ။ ကော်မရှင်က သတ်မှတ်ထားတဲ့ အမှတ်အသားမပါတဲ့ ဆန္ဒမဲလက်မှတ်၊ ပြီးတော့ အရှေ့မှာ ပြောခဲ့သလိုမျိုး မဲရုံမှူးလက်မှတ်မပါတဲ့ ဆန္ဒမဲလက်မှတ်၊ ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုပြီး ဆန္ဒပြုထားတဲ့ ဆန္ဒမဲလက်မှတ်၊ ဘယ်သူ့ကိုမျှ ဆန္ဒမပြုထားတဲ့ ဆန္ဒမဲလက်မှတ်၊ ဘယ်ကိုယ်စားလှယ်လောင်း ကို ရွေးချယ်တယ်ဆိုတာ မထင်ရှားမပြတ်သားတဲ့ ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ်က အတုဖြစ်တယ်ဆိုပြီး မဲရုံမှူးက ဆုံးဖြတ်လိုက်တဲ့ ဆန္ဒမဲလက်မှတ်၊ ဆုတ်ဖြဲထားတဲ့ ဆန္ဒမဲလက်မှတ်၊ ပြီးတော့ မဲလက်မှတ်ကို ဘယ်သူက မဲပေးသွားတယ်ဆိုတာသိသာအောင် အမှတ်အသားပြုလုပ်ထားတဲ့ ဆန္ဒမဲလက်မှတ်၊ နောက်တစ်ချက်က ကော်မရှင်က ပယ်မဲအဖြစ်သတ်မှတ်ဖို့ ထုတ်ပြန်ထားတဲ့ ဆန္ဒမဲလက်မှတ်၊ ဒီအချက်တွေနဲ့ အကျုံးဝင်တဲ့ မဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။ 

 

ဦးမြင့်နိုင် ။ ။ ကြိုတင်မဲမှာကျ ဘယ်လို လုပ်သလဲ။ တံဆိပ်တုံးထုရပါသလား။

ဦးနန္ဒနေလင်း ။ ။ ကြိုတင်မဲပေးတဲ့ နေရာမှာမဲလက်မှတ်ရဲ့ နောက်ကျောမှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရဲ့ တံဆိပ်တုံးနဲ့ ထုတ်ပေးတဲ့သူတွေရဲ့ လက်မှတ်ပါရပါမယ်။ 

 

ဦးမြင့်နိုင် ။ ။ မဲရုံထဲမှာတော့ ဆန္ဒပြုပြီးတံဆိပ်တုံးထုရတယ်။ ကြိုတင်ဆန္ဒမဲလည်း အဲဒီလိုပဲလား ဆိုတာလေး ရှင်းပါဦး။

ဦးနန္ဒနေလင်း ။ ။ ကြိုတင် ဆန္ဒမဲပေးရာမှာအမှန်ခြစ်နဲ့ ဆန္ဒမဲပေးရပါတယ်။

 

ဦးမြင့်နိုင် ။ ။ ကြိုတင်မဲပေးရာမှာ မဲရုံးမှူးရဲ့လက်မှတ် ပါ မပါ ကြည့်စရာမလိုဘူး။ သက်ဆိုင်ရာကော်မရှင်အဖွဲ့ ခွဲရဲ့ တံဆိပ်တုံးပဲ ပါဖို့လိုပါတယ်။ နောက်ပြီး တာဝန်ရှိသူက လက်မှတ်ထိုးရမယ်။ ဒီကွာခြားချက်လေးတွေသိဖို့ လိုပါတယ်။ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ရှောင်ရမယ့် အချက်ကလေးတွေလည်းရှိပါတယ်။

 

ဒေါ်ရွှေစင်ကြည် ။ ။ မဲဆန္ဒရှင်တစ်ဦးဟာ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာတဲ့နည်းနဲ့အခြား သူတစ်ဦးကိုမပေးရပါဘူး။ ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်း မထည့် သွင်းရပါဘူး။ အသုံးပြုဆဲဖြစ်တဲ့ မဲပုံးကို အခွင့်အာဏာမရှိဘဲ သွားဖွင့်တာ ဒါမှမဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းမပြုရပါဘူး။ ရွေးကောက်ပွဲတစ်ခုခုမှာ လွှတ်တော်မဲဆန္ဒနယ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲမပေးရပါဘူး။ ရွေးကောက်ပွဲတစ်ခုခုမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသော လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲမပေးရပါဘူး။ သူတစ်ပါး အယောင်ဆောင်ပြီး ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း၊ ဒါမှမဟုတ် ဆန္ဒမဲပေးခြင်း မပြုရပါဘူး။ ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် ဆန္ဒမဲလက်မှတ်ပေါ်မှာ အမှတ်အသားတစ်စုံတစ်ရာ မပြုလုပ်ရပါဘူး။ ဆန္ဒမဲလက်မှတ်ကို မစုတ်ဖြဲရပါဘူး။ အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်တွေကို မဲပုံးအတွင်းသို့ မထည့်သွင်းရပါဘူး။ ပြီးတော့ ကိုယ်စားလှယ်စေလွှတ်ပြီး ဆန္ဒမဲပေးလို့လည်းမရပါဘူး။

 

ဦးမြင့်နိုင် ။ ။ မလိုက်နာခဲ့သော် ပြစ်မှုဖြစ်သွားနိုင်ပါတယ်။ အဲဒါဘယ်လို သတ်မှတ်ထားပါသလဲ။

ဒေါ်ရွှေစင်ကြည် ။ ။ မဲဆန္ဒရှင်တစ်ဦးဟာ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို မသမာတဲ့နည်းနဲ့ တခြားသူတစ်ဦးကိုပေးရင် ရွေးကောက်ပွဲဥပဒေ၊ အခန်း (၁၃)၊ ပုဒ်မ ၅၉ (ဂ) အရ ငြိစွန်းပါတယ်။ ဆန္ဒမဲလက်မှတ်မဟုတ်တဲ့ ပစ္စည်းတစ်ခုခုကို မဲပုံးထဲကိုထည့်ရင် အခန်း (၁၃)၊ ပုဒ်မ ၅၉ (ဃ) အရ ငြိစွန်းပါတယ်။ အသုံးပြုဆဲဖြစ်တဲ့မဲပုံးကို အခွင့်အာဏာမရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးတယ်ဆိုရင် အခန်း (၁၃) ၊ ပုဒ်မ ၅၉ (င) အရ ငြိစွန်းပါတယ်။

 

ရွေးကောက်ပွဲတစ်ခုခုမှာ လွှတ်တော်မဲဆန္ဒနယ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲပေးရင် အခန်း (၁၃)၊ ပုဒ်မ ၅၉ (စ) အရငြိစွန်းပါတယ်။ ရွေးကောက်ပွဲတစ်ခုခုမှာ လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပိုပြီး မဲပေးရင်အခန်း (၁၃)၊ ပုဒ်မ ၅၉ (ဆ) အရ ငြိစွန်းပါတယ်။ သူတစ်ပါး အယောင်ဆောင်ပြီး ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို လာရောက်တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲ ပေးခြင်းပြုလျှင် အခန်း (၁၃)၊ ပုဒ်မ ၅၉ (ဇ) အရ ငြိစွန်းပါတယ်။ အတုပြုလုပ်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေကို မဲပုံးအတွင်းကို ထည့်ရင် အခန်း (၁၃)၊ ပုဒ်မ ၅၉ (ည) အရ ငြိစွန်းပါတယ်။

 

ဦးမြင့်နိုင် ။ ။ ဒါကြောင့် ဒါတွေ ရှောင်ဖို့လိုတယ်လို့ ပြောထားတာပါ။ ဒါတွေသိထားရင်တော့ မဲဆန္ဒရှင်တစ်ယောက်ဟာ ကိုယ်ပေးတဲ့မဲဟာ ခိုင်ခိုင်လုံလုံဖြစ်သွားမယ်၊ တန်ဖိုးရှိသွားမယ်။ ဆန္ဒမဲကိုလည်း မဆုံးရှုံးဘူး။ ဒါပေမယ့် တချို့ကဘယ်လိုပြောလဲဆိုတော့ ရွေးကောက်ပွဲတွေ ဝေးသေးတာပဲ။ ရွေးကောက်ပွဲနီးမှ သိသင့် တယ်လို့ ထင်ကြတယ်။ ဒီလုပ်ငန်းစဉ်တွေက မဲဆန္ဒရှင်ပြည်သူတိုင်း သိဖို့လိုပါတယ်။

 

ပြည်သူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရော အခု ၂ဝ၁၅ မှာ မဲပေးပြီးပြီ။ အခု ၂ဝ၂ဝ မှာ မဲပေးမယ့်သူတွေထဲမှာ တစ်ခါမှမဲမပေးဖူးသေးတဲ့သူ ငါးသန်းလောက်ပါလာမှာပါ။ ဒါကြောင့် အခါအခွင့် သင့်သလို အသိပညာ မျှဝေပေးဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံသားတစ်ယောက်ရဲ့ အဓိကတာဝန် ဘာလဲလို့မေးတဲ့အခါမှာ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးဖို့က အဓိကတာဝန်ပဲ၊ ဒီထက် အရေးကြီးတာ မရှိဘူး။ ကိုယ့်ကိုအုပ်ချုပ်မယ့် အစိုးရအဖွဲ့တွေ၊ ဥပဒေပြုမယ့်အဖွဲ့တွေ၊ တရားစီရင်ရေးအဖွဲ့တွေ ဒါတွေကို ရွေးချယ်ကြရမှာ။ ဒါကြောင့် ကိုယ့်မှာအခွင့်အရေးရှိနေတယ်လို့ပြောတာပါ။ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံတွေအနေနဲ့ ရွေးကောက်ပွဲတွေဆိုတာလည်းရှိနေမယ်။ တစ်နှစ်ပြီးတစ်နှစ် မဲဆန္ဒရှင်တွေလည်း ပိုပိုလာမယ်။ ဒါကြောင့် အခါအခွင့်သင့်သလို ဒါလေးတွေ ဆွေးနွေးသင့်ပါတယ်။ 

 

ဦးနန္ဒနေလင်း ။ ။ ကျွန်တော်တစ်ခုလောက် ဖြည့်စွက်ပြောချင်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း အသိပညာ လေးရစေချင်တာကြောင့်ပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ မဲပေးခဲ့တဲ့မဲဆန္ဒရှင်တွေရဲ့ ရာခိုင်နှုန်းကိုလည်း ပြောပြချင်ပါတယ်။ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ဦးရေ ၂၉ သန်းကျော် ရှိခဲ့ပြီးမဲပေးခဲ့တာ ၂၂ သန်းကျော် ရှိခဲ့ပါတယ်။ ဒါကြောင့် မဲပေးတဲ့ ရာခိုင်နှုန်း ၇၇ ဒသမ ၂၆ ရာခိုင်နှုန်းရှိပါတယ်။ မဲဆန္ဒနယ်က ၁၁၅၄ နယ် ရှိပါတယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ၆ သန်း ကျော်ရှိပြီး မဲပေးတဲ့သူ ၄ သန်းကျော် ရှိခဲ့တဲ့အတွက် မဲပေးတဲ့ရာခိုင်နှုန်း ၆၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မဲဆန္ဒနယ် ၄၅ နယ်ရှိ ပါတယ်။

 

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ဦးရေ ၃၄ သန်းကျော်မှာ မဲပေးခဲ့တဲ့သူ ၂၄ သန်းနီးပါးရှိပြီး မဲပေးတဲ့ရာခိုင်နှုန်း ၆၉ ဒသမ ၈၂ ရာခိုင်နှုန်း ရှိပါတယ်။ ၂ဝ၁၅ မှာမဲဆန္ဒနယ် ၁၁၅ဝ နယ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ကြားဖြတ်မှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နယ်အတွက် မဲဆန္ဒရှင် ဦးရေ ၂ သန်းကျော်မှာ မဲပေးခဲ့တဲ့သူ ၇ သိန်းခွဲခန့်ရှိပြီး မဲပေးတဲ့ရာခိုင်နှုန်း ၃၆ ဒသမ ၄၈ ရာခိုင် နှုန်းရှိပါတယ်။

 

ဦးမြင့်နိုင် ။ ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ သူတွေကို ရာခိုင်နှုန်းပိုပိုပြီးပေးစေချင်ပါတယ်။ မဲတစ်ပြားရဲ့တန်ဖိုးကို သိစေချင်ပါတယ်။ အများဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်က ကိုယ်မဲမပေးလိုက်တဲ့ ကိုယ်စားလှယ်ဆိုပေမယ့် ကိုယ့်ကိုယ်စားလှယ်နဲ့ အတူတူပဲလို့ သတ်မှတ်ရမှာပါ။ ဒီမိုကရေစီဆိုတာ အများဆန္ဒကို အနည်းစုကလေးစားကြရတာပါ။ ရွေးကောက်မခံရတဲ့ ကိုယ်စားလှယ်ကလည်း အများဆန္ဒနဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ကိုလေးစားရမယ်။ လက်ဆွဲနှုတ်ဆက်နိုင်ရပါမယ်။

ရှင်မင်း