မန္တလေး ၁၈ ဧပြီ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ ရတနာပုံ(စ)ဈေးတွင် ဧပြီ ၁၇ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးရောင်း/ဈေးဝယ် များအား Mask တပ်ရန်နှင့် စည်းကမ်းချက်များအား ပြောဆိုနေစဉ် ဓါးခုတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ အောင်ဇေယျလမ်းနှင့် ဘုရင့်နောင်လမ်းကြား ရတနာပုံ(စ)ဈေး မြောက်ဘက်အလယ်ပေါက်တွင် ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဦးအောင်ညွန့်(ဈေးတာဝန်ခံ)၊ ဦးတူး (ဈေးယာယီ ဝန်ထမ်း)၊ ဦးကျော်ဆွေ(ဈေးနာယက)၊ ဦးထွန်းညွန့်(ဈေးဥက္ကဋ္ဌ)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကြူ၊ ရာအိမ်မှူး ဦးအေးကို တို့မှ ဈေးရောင်းသူ/ဈေးဝယ်သူများအား Mask တပ်ရန် စည်းကမ်းချက်များအား လိုက်နာရန် လိုက်လံ ပြောဆိုရာတွင် Mask မတပ်ဘဲ သစ်သီးရောင်းနေသူ ဦးတင့်လွင်(ခ) ကျော်တင့်(ခ)မောင်လွင် (၄၈)နှစ် က လာရောက် ပြောဆိုနေသော ဌာနဆိုင်ရာ တာဝန်ရှိသူများကို သစ်သီးရောင်းဝယ်ရာတွင် အသုံးပြုသည့် အရိုးအသွား (၁၀)လက်မခန့်ရှိ စတီးဓါးဖြင့် လိုက်လံခုတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင့်လွင့်(ခ)ကျော်တင့်(ခ)မောင်လွင် (၄၈)နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


