မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုကြမည့် အောင်လအန်ဆန်နှင့် ဟန်ဆီဂါဝါ  တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် MMA ပွဲစဉ်တွဲဆိုင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်  ၇  ဇန်ဝါရီ   

ONE Championship အဖွဲ့က ဦးဆောင်ကျင်းပလျက်ရှိသော Mixed Martial Arts (MMA) ကမ္ဘာ့ ကိုယ် ခံပညာပေါင်းစုံပြိုင်ပွဲကြီးကို လာမည့် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ အဓိက ချန်ပီ ယံခါးပတ်လုပွဲ သုံးပွဲထည့်သွင်းထားပြီး ယင်းပွဲစဉ်များ၌ ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမားများကို ယနေ့ တွင် ONE Championship အဖွဲ့က တရားဝင်ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်သည်။ 


ယနေ့ ONE Championship အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သော အဓိကချန်ပီယံလုပွဲသုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည့် ကစားသမားများမှာ အမျိုးသမီးစတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင်  တ ရုတ်နိုင်ငံသူ Xiong Jing Nan နှင့်စင်ကာပူနိုင်ငံသူ AnGela Lee တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး အမျိုးသား မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟန်ဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။အောင်လန်ဆန်ဆန်နှင့် ဟန်ဆီဂါဝါတို့သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ(၁)  ယှဉ်ပြိုင်ထိုးသတ်ရာ ပွဲချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အောင်လန်ဆန်မှ ဟန်ဆီဂါဝါကို အမှတ်ဖြင့်အနိုင်ရခဲ့သည်။ ယင်းပွဲကို MMA၏ တစ်နှစ်တာအတွင်း အကောင်းဆုံးပွဲအဖြစ် ONE Championship အဖွဲ့က အသိအမှတ်ပြု သတ်မှတ်ခံခဲ့ရ သည်။  အလားတူ လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ လုပွဲတွင်လည်း ဂျပန်နိုင်ငံမှ Shinya Aoki နှင့် ဖိလစ်ပိုင်နိုင်ငံသား Eduard Folayang တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်းနှင့် ယင်းပွဲစဉ်တွဲဆိုင်းများကို ယနေ့ ONE Cham pionship အဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ 


အဆိုပါ MMA ပွဲစဉ်များကို လာမည့် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ Ryogoku Kokuhikan မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ချန်ပီယံလုပွဲသုံးပွဲအပြင်  MMA ကမ္ဘာ့ချန်ပီယံ ခါးပတ် အကြိမ်ကြိမ်ရရှိထားဖူးသော ရုရှားနိုင်ငံသား Demetrious Johnson နှင့်ဖိလစ်ပိုင်နိုင်ငံမှ Eddie Alvar ez တွဲဆိုင်းကို အဆိုပါနေ့တွင် ပွဲဦးထွက်ပွဲစဉ်အနေဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ကျန်ပွဲစဉ်တွဲ ဆိုင်းများကို ONE Championship အဖွဲ့အနေဖြင့် များမကြာမီတွင် ထပ်မံ၍တရားဝင်ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-  မင်းထက်