မြစ်ကြီးနား ၁၀ မတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနား− ဆွမ်ပရာဘွမ်− ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သည့် ဒရုခတံတားနှင့် တီယာန်ဇွပ်တံတားအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါတံတားသစ်ကို ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ တံတားဦးစီးဌာန ဦးရွှေလေး၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲ၊ ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တံတား၏ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များက တံတားသစ်အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တီယာန်ဇွပ်တံတားသစ်ကို ဆက်လက်ဖွင့်လှစ်ပေးသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် “ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မြစ်ကြီးနား− ဆွမ်ပရာဘွမ်− ပူတာအိုလမ်း (ပြည်ထောင်စုလမ်းမ)ပေါ်မှာရှိတဲ့ တီယာန်ဇွပ်တံတားဖွင့်ပွဲမှာ ယခုလိုအမှာစကား ပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ထားတဲ့ လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ကြီးနား− ဆွမ်းပရာဘွမ်− ပူတာအိုလမ်းဟာဆိုရင် မြစ်ကြီးနားမှ ပူတာအိုအထိ (၂၁၈)မိုင်ရှိပြီး ယခင်က ကားငယ်များ (၂)ရက်ခန့်နှင့် ကားကြီးများမှာ (၇)ရက် ခန့်ကြာအောင်သွားလာခဲ့ရပြီး ယခုအချိန်မှာ ကားငယ်များ (၁၁)နာရီခန့်နှင့် ကားကြီးများ (၂)ရက်ခန့်နဲ့ ရောက်ရှိနိုင်ပြီဖြစ်ပါကြောင်း။ လမ်းပန်းဆက်သွယ်မှု မြန်ဆန်ကောင်းမွန်လာတဲ့အတွက် ကုန်ပစ္စည်းသယ်ပို့ခ စရိတ်မှာလည်း ယခင်ကပျမ်းမျှ (၁)ပိဿာလျှင် ကျပ် (၈၀ဝ)ခန့်ပေးရပြီး ယခုအချိန်မှာ (၁)ပိဿာ ကျပ် (၂၀ဝ)ခန့်ဖြင့် ရာသီမရွေး ပို့ဆောင်နိုင်ပြီဖြစ်လို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့လာပြီး ကုန်ဈေးနှုန်း ကျဆင်းလာတာကြောင့် ဌာနေပြည်သူများရဲ့ စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေချောမွေ့နိုင်တော့မှာ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်း ဆောင်ရွက်လျက်ရှိကြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြသော ကုမ္ပဏီလုပ်ငန်းရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း ပြည်သူ့ဘဏ္ဍာငွေ အမြောက်အများ အကုန်အကျခံ တည်ဆောက်ထားသော လမ်း/တံတားများ ရေရှည်တည်တံ့အောင် အားလုံးဝိုင်းဝန်းကူညီ ထိန်းသိမ်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါတံတားသစ်ကို ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ တံတားဦးစီးဌာန ဦးရွှေလေး၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲ၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တံတား၏ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ယနေ့ဆောက်လုပ်ပြီးစီးသည့် တံတားအမှတ်(၂/၅၄) တီယာန်ဇွပ်တံတားသည် သံကူကွန်ကရစ် ရေလယ်တိုင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ (၃၀ဝ)ရှိကြောင်း၊ လူသွားလမ်း (၃)ပေစီပါရှိ၍ ယာဉ်တစ်စီးချင်း၏ ခွင့်ပြုတန်ချိန်မှာ (၆၀)တန်ချိန်အထိရှိကြောင်းနှင့် အဆိုပါ တံတားကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း တံတားဦးစီးဌာနမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)


