နေပြည်တော် ၇ မတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၅ ရက် ည ၁၀ နာရီခွဲတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် လမ်းသွယ်(၁၈) အိမ်အမှတ်(ခမ/၇၀၁)နေ တူးအောင်နှင့် ဇနီး မလဆယ်ခေါန်ဂျာတို့၏ နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူအလေးချိန် ၅ ဒသမ ၃၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၁၅၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ ဆန်အောင်နှင့် ဇနီး မဇောင်းညွယ်တို့၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ ငွေကျပ် ၄၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။
အလားတူ မတ် ၅ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်းတွင် သုတဆွေ(ခ)ဘိုဘို မောင်းနှင်ပြီး ယာဉ်မောင်းအကူ ကောင်းစံဦး(ခ)ကျားကြီး ယာဉ်နောက်လိုက် ရဲပိုင်စိုးတို့ လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏ ဝမ်းဗိုက်အတွင်းရှိ ပဲအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၃၂၇ ပြားနှင့် အိုက်စ် သုည ဒသမ ၉၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၆ ရက်တွင် မမိုးမိုးသန်းနှင့် သုတဆွေ(ခ)ဘိုဘိုတို့ကို လည်းကောင်း။
ထို့တူ မတ် ၆ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအုပ်စု လုံးကောက်ကျေးရွာနေ စိုးအောင်၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း သုည ဒသမ ၈၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၁၀ နှင့် ငွေကျပ် ၄၉၀ဝ၀ တို့ကို လည်းကောင်း။
အလားတူ မတ် ၆ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် နောင်ချိုမြို့နယ် မူဆယ် - မန္တလေးလမ်း မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် မသင်္ကာဖွယ်ဆိုင်ကယ် ၁ စီးကို သတင်းအရစစ်ဆေးရာ ဆိုင်ကယ်ခွကြားရှိ လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၄၀ဝ၀ တို့ကို လည်းကောင်း။
ထို့ပြင် မတ် ၆ ရက် ည ၇ နာရီတွင် မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာအနီး မိုးမိတ် - တွင်းငယ်လမ်းပေါ်၌ မအမာတင်(ခ)အဲမီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ဝ၀ တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


