မြစ်ကြီးနား ဩဂုတ် ၁၂

 

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လူငယ်စွမ်းရည် ပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားကာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ၏ တိုင်းရင်းသား တေးသရုပ်ဖော်အက၊ ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူများ၏ ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုတို့ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တာကျင်းပခဲ့သည့် သီချင်းဆို ပြိုင်ပွဲ၊ အဆင့်မြင့်ပညာ၊ အခြေခံ ပညာအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာစပ်ဆို၊ ပန်းချီ နှင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပြခန်းခင်းကျင်းပြသဆုနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုလည်းကောင်း၊ ဒိုင်အဖြစ် ပါဝင်ကူညီသူများနှင့် စာပေဟော ပြောပွဲတွင်ပါဝင်ကြသည့် စာရေးဆရာများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ခန်းမအတွင်း ပြသထားသည့် စာအုပ်စာစောင်များ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၏ ပညာရေးဆိုင်ရာ စွမ်းရည်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)