နေပြည်တော် အောက်တိုဘာ ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ဇေယျမင်္ဂလာကျောင်းတိုက်အတွင်းရှိ ဆုတောင်း ပြည့် တာဝတိံသာစေတီတော်နှင့် အရံစေတီတော်များ ရွှေထီးတော်တင်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း ပြုလုပ်ရာ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘဒ္ဒန္တစန္ဒာဝရာဘိဝံသထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးက စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စေတီတော်တည်ဆောက်ရာတွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် စေတီတော်အား လှည့်လည်ပူဇော်ပြီး မင်္ဂလာအချိန်တွင် မင်္ဂလာရထားပျံဖြင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား တင်လှူပူဇော်ခြင်း၊ အရံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ရွှေထီးတော်မြတ်အား ပရိတ်နံ့သာရည်၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်းပူဇော်ကြသည်။ ၎င်းနောက် သံဃာတော်များက စေတီတော်ကြီးနှင့် အရံစေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်၍ ဆရာတော်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


