မြစ်သား ၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မောနားဆရာတော်၊ ချမ်းမြေ့ပါရမီ တောရဆရာတော်နှင့် လောကနန္ဒာဆရာတော်တို့မှ ဦးဆောင်၍ ပြက္ခရွေ အရှေ့တောင်စေတီတော်နှင့် ပဉ္စမစွယ်တော်ရှင်စေတီတည်ရှိရာ အနောက်တောင်သို့ ၁၈ ပေအကျယ်ရှိ တောင်တက်ကားလမ်းများကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ ဖောက်လုပ်လျှက်ရှိသည်။
အနော်ရထာမင်းစောသည် သီဟိုကျွန်းမှရရှိခဲ့သည့် စွယ်တော်ပွားကို ဌာပနာ၍ ပုဂံမြို့၌ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင်စေတီ၊ လောကနန္ဒာစေတီနှင့် တုရင်တောင်စေတီဟူ၍ စွယ်တော်လေးဆူနှင့် ပြက္ခရွေအနောက်တောင်ပေါ်၌ ပဉ္စမစွယ်တော်ရှင် စေတီတော်တစ်ဆူ စုစုပေါင်း စွယ်တော်ရှင်စေတီတော် ငါးဆူကို တည်ထားကိုးကွယ်တော်မူခဲ့သည်။
ပြက္ခရွေတောင်သည် ယခင်က သီတင်းကျွတ် တောင်ကြီးပွဲတော်ရက်များတွင်သာ တောင်ပေါ်သို့ ဒေသခံများတက်လေ့ရှိကြရာ ယခုအခါတွင် မောနားကျောင်းအထိ ကားလမ်းရှိလာခြင်း ၊မောနား တောင်ကလပ်တွင် မြန်မာ့ရိုးရာဒိုးပတ်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ တရားစခန်းများ ဖွင့်လှစ်ပေးခြင်း တို့ကြောင့် ၊ တဖြည်းဖြည်း နှင့်လူသိများလာ၍ ပြက္ခရွေအနောက်တောင်ပေါ်ရှိ ပဉ္စမစွယ်တော်ရှင် စေတီတော်၊ အရှေ့တောင်စေတီတော်နှင့် မြန်မာပြည်၏အလယ်ဗဟိုချက် အမှတ်အသား တည်ရှိရာ များသို့ ဘုရားဖူးအဖွဲ့များ၊ အဖွဲ့လိုက် တောင်တက်အသင်းများ အဆက်မပြတ်လာရောက် ဖူးမြော်နေကြသည်။
မောနားကျောင်းဆရာတော် ဦးပညာဝံသက “ဘုန်းကြီးတို့ ပြက္ခရွေတောင်ဟာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်က ကူမဲမြို့ကနေတဆင့် ၉ မိုင်လောက်ဝင်လာရင် မောနားတောင်ခြေရောက်မယ်၊ တောင်ခြေကမှ မုခ်ဦးစောင်းတန်း လှေကားထစ်ကနေတက်ရင် လေးဖာလုံ၊ တောင်တက်ကားလမ်း ကဆို ၇ ဖာလုံ တက်လာရင် ဘုန်းကြီးတို့ကျောင်းကို ရောက်မယ်၊ ဘုန်းကြီးတို့ကျောင်းကမှတဆင့် အနောက်တောင် ပဉ္စမစွယ်တော်ရှင် စေတီတော်ဆီကိုလည်း တက်လို့ရတယ်၊ အရှေ့တောင် စေတီတော် ဆီကိုလည်း တက်လို့ရတယ်။ ဘုန်းကြီးတို့ကျောင်းက လမ်းဆုံပေါ့၊ အနောက်တောင်ဆိုရင် အမြင့်ပေ ၃၆၀၁ ပေရှိတယ်၊ ခြေလျင်တောင်တက်လမ်း သုံးမိုင်ကျော်တက်ရတယ်၊ အရှေ့တောင်က အမြင့်ပေ ၃၅၅၉ ပေရှိတယ်၊ ခြေလျင်တောင်တက်လမ်း သုံးမိုင်ခွဲကျော် တက်ရတယ်၊ နှစ်တောင်လုံး ၃ နာရီလောက်တက်ရတယ်”ဟု မိန့်ကြားသည်။
“အခုဆိုရင် ဘုန်းကြီးတို့ မောနားကျောင်းကနေ အရှေ့တောင်ကို တက်ဖို့ ၁၈ပေအကျယ် တောင် တက်လမ်းကို ပြီးခဲ့တဲ့ မတ်လက စဖောက်ခဲ့ပါတယ်၊ အရှေ့တောင်ဖောက်ပြီးရင် အနောက်တောင်ကို ဆက်ဖောက်ပါမယ်၊ ပြီးရင်ကွန်ကရစ်လမ်းတွေ ခင်းမှာပါ ၊ လုပ်ငန်းကတော့ နှစ်ရှည် လုပ်သွားရမှာပါ၊ လမ်းရဲ့ကုန်ကျစရိတ်ကတော့ ခန့်မှန်းလို့မရသေးဘူး၊ ခက်ခဲတဲ့နေရာတွေလည်းရှိတယ်၊ အခုအချိန်ထိ တော့ အလှူရှင်တွေက လှူဒါန်းကြတာ သိန်းတစ်ရာ့ငါးဆယ်လောက် ရှိပါတယ်၊အလှူရှင်တွေကိုလည်း လှူဒါန်းကြဖို့ နှိုးဆော်ထားပါတယ်၊ လှူဒါန်းချင်ရင် ဝ၉ ၄၄၄၀၁၄၉၉၈၊ ဝ၉ ၂၁၆၅၄၅၆၊ ဝ၉၂၀၄၃၇၃၆ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟု ဆက်လက်မိန့်ကြားသည်။
အဆိုပါ ပြက္ခရွေတောင်တက်ကားလမ်းများအား ဖောက်လုပ်ခြင်းဖြင့် ပုဂံမှစွယ်တော်လေးဆူနှင့် အတူ ပြက္ခရွေစွယ်တော်ကိုပါ တစ်နေ့တည်း ဖူးခွင့်ရစေရန်နှင့် ဘုရားဖူးများ ပင်ပင်ပန်းပန်း ခြေလျင်တောင်တက်ခရီးကို မတက်ရစေရန် ရည်ရွယ် ဖောက်လုပ်လျှက်ရှိကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


