မောင်သာ(ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို ဖော်ထုတ်ရန် ခိုင်မာသော အထောက်အထားများကို ရှာဖွေကြရာတွင် ကျောက်စာများကို အားကိုးအားထား ပြုခဲ့ကြရသည်။ ရှေးဟောင်းကျောက်စာများတွင် ရေးထိုးခဲ့သည့် မှတ်တမ်းများကို ဖတ်ရှုကာ ယင်းခေတ်ကာလ၏ သမိုင်းပုံရိပ်များကို ပြန်လည်ပုံဖော်နိုင်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာ့စွယ်စုံကျမ်းတွင် ကျောက်စာများသည် ရေးထိုးသောခေတ်က ယုံကြည်မှုအယူဝါဒများ၊ ယဉ်ကျေးမှုအနုပညာများနှင့် လူမှုဆက်ဆံရေးများကို မှန်းဆအကဲခတ်နိုင်သဖြင့် နိုင်ငံသမိုင်းကို များစွာအထောက်အကူဖြစ်ကြောင်း ရေးသားထားပေသည်။
မြန်မာနိုင်ငံတွင် ကမ္ပည်းကျောက်စာဌာနကို ၁၉၀၂ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်ရှေးဟောင်း သုတေသနဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ကျောက်စာများ စုဆောင်းခြင်း မင်ကူးခြင်း၊ ဖတ်ရှုပြီး အက္ခရာ ဖလှယ်ခြင်း၊ စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေခြင်း စသည့် ကျောက်စာသုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ပည်းကျောက်စာလုပ်ငန်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တူးဖော်ရှေးပစ္စည်း ကမ္ပည်းကျောက်စာဌာနခွဲက တာဝန်ယူ ဆောင်ရွက်လျက်ရှိကာ စုဆောင်းရရှိထားသည့်ကျောက်စာများအား ယင်းတို့ကိုတွေ့ရှိခဲ့သည့် မူလ နေရာများ၊ ပြတိုက်များ၊ ကျောက်စာရုံများတွင် ထိန်းသိမ်းထားရှိသည်။
မြန်မာနိုင်ငံအတွင်း နေရာအနှံ့၌တွေ့ရှိရသည့် ကျောက်စာများသည် အချပ်ရေ ၃၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ ကျောက်စာများကို ဝေဘူကျောက် သဲကျောက် နှင့် စကျင်ကျောက်များတွင် အများဆုံးရေးထိုးခဲ့ကြခြင်း၊ ကျောက်စာအများစုကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှား ရပ်ဝန်းဒေသများတွင် တွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဦးမြင့်အောင်က ရေးသားခဲ့သည်။ မြန်မာနိုင်ငံရှိ ရှေးဟောင်းကျောက်စာများအနက် မန္တလေးကုသိုလ်တော်ဘုရား ဝင်းအတွင်း၌ မင်းတုန်းမင်းစိုက်ထူခဲ့သည့် ပိဋကတ်သုံးပုံကျောက်စာ ၇၂၉ ချပ်နှင့် ပုဂံ၊ မြစေတီရင်ပြင်နှင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ ရာဇကုမာရ်ကျောက်စာတို့ကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) များအဖြစ် အသိအမှတ် ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ကျောက်စာများ အားလုံးသည် သက္ကတဘာသာကို ဒေဝနာဂရီ အက္ခရာ ဖြင့်လည်းကောင်း၊ ပါဠိဘာသာကို အိန္ဒိယနိုင်ငံတောင်ပိုင်းသုံး အက္ခရာတစ်မျိုးမျိုးဖြင့်လည်းကောင်း၊ ပျူဘာသာကို သီးသန့်အက္ခရာဖြင့်လည်းကောင်း၊ မွန်ဘာသာကို မွန်အက္ခရာဖြင့် လည်းကောင်း၊ မြန်မာ ဘာသာကို မြန်မာအက္ခရာဖြင့်လည်းကောင်း ရေးထိုးခဲ့ကြကြောင်း စစ်ကိုင်းပညာရေး တက္ကသိုလ်မှ မြန်မာစာ ပါမောက္ခဒေါက်တာ မောင်မောင်ဆွေက ပြောကြားခဲ့သည်။
ယင်းတို့အနက် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပေတောပရဟိတ ကျောင်းတိုက်မှ တွေ့ရှိခဲ့သည့် ကျောက်စာသည် သုတေသီများအကြား၌ အလွန်ထင်ရှားခဲ့ကာ ယင်းကျောက်စာကို အက္ခရာပြန်ဆိုခြင်း၊ ဘာသာပြန်ဆိုခြင်းများ ဆောင်ရွက်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီး၍ ၂၀၁၃ ခုနှစ်တွင် ဖိုရမ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။
သမိုင်းထဲမှ မြစ်သား
မြစ်သားသည် ပုဂံဘုရင်အနော်ရထာ ထူထောင်ခဲ့သည့်လယ်တွင်း ၁၁ ခရိုင်တွင် မြစ်သာခရိုင်အမည်ဖြင့် ထင်ရှားခဲ့သည့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ ကုန်းဘောင်ခေတ်၊ ဗဒုံမင်းလက်ထက် (ခရစ်နှစ် ၁၇၈၂-၁၈၁၉) တွင် ဇော်ဂျီခရိုင်ရှိ မြောင်လှ၊ မြင်းခုန်တိုင်၊ ပနံ၊ မြင်စိုင်း၊ မက္ခရာနှင့် ပန်းလောင်ခရိုင်ရှိ စောလှ၊ ပင်လယ်၊ မြစ်သား၊ ပြည်မနားတို့ကိုပေါင်း၍ လယ်တွင်း ကိုးခရိုင်ဟု ဖွဲ့စည်းခဲ့သဖြင့် မြစ်သားသည် ပန်းလောင်လေးခရိုင်မှ လယ်တွင်းကိုးခရိုင်အတွင်းသို့ ရောက်ရှိခဲ့သည်။ ။
နိုင်ငံတော်၏ စပါးကျီဖြစ်ခဲ့သော ကျောက်ဆည်လွင်ပြင်သည် စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်နှင့် ဒုဋ္ဌဝတီ မြစ်တို့ ဖြတ်သန်းစီးဆင်းနေသည့်နေရာဖြစ်ကာ လယ်တွင်း ၁၁ ခရိုင်ဟု ထင်ရှားခဲ့သည်။ လယ်တွင်း ၁၁ ခရိုင်ကိုကျောက်ဆည်မြို့နယ်ရှိ ပနံ၊ တမုတ်၊ မြင်းခုံတိုင်၊ ရွာမုန်းနှင့် သင်တောင်း၊ မြစ်သားမြို့နယ်ရှိ ပင်လယ်၊ ပြည်မနားနှင့် မြစ်သာ၊ စဉ့်ကိုင်မြို့နယ်ရှိ မက္ခရာ၊ တပြက်သာနှင့် ခံလူး ဟူသည့် ခံမြို့ ၁၁ မြို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် မြစ်သား (မြစ်သာ) ဟူသည့်အမည်ကို အနော်ရထာဘုရင်က သမုတ်ခဲ့ကြောင်း ဖော်ပြထားသည်။ အနော်ရထာသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကို အခြေတည်၍ လယ်မြေရှစ်သိန်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကင်းတာဆည်၊ ငလိုင်သေဉ်ဆည်၊ ပြောင်ပြောဆည်၊ ကျီမည်းဆည်၊ နွားတက်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်တို့ကို တည်ဆောက်ခဲ့သည်။ ယင်းတို့အနက် ကျီးမည်းသည်ကို ပန်းလောင်မြစ်ပေါ်တွင် နောက်ဆုံး တည်ဆောက်ခဲ့ရာ အနော်ရထာမင်းကြီးသည် ဆည်တည်ဆောက်မည့် နေရာကို လက်ဆန့် တန်းညွှန်ပြ၍ မြစ်ကိုသားပြသည်ကို အစွဲပြု၍ မြစ်သားဟု မှည့်ခေါ်ခဲ့ကြောင်း မှတ်တမ်းပြုထားသည်။ ။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် မြစ်သားမြို့ကို ၁၉၇၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း၊ မြို့နယ်အတွင်းရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ၁၉၇၃ ခုနှစ်ဇွန်လ ၁၆ ရက်တွင်လည်းကောင်း သတ်မှတ်ခဲ့ပြီး မြစ်သားမြို့နယ်ကို ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၈၂ ခုနှင့် ကျေးရွာ ၂၃၃ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။
မြစ်သားမြို့သည် ကျောက်ဆည်မြို့မှ တောင်ဘက်သို့ ၁၆ မိုင်နှင့် မန္တလေးမြို့မှ တောင်ဘက်သို့ ၄၈ မိုင်ကွာဝေး၍ အရှေ့မှ အနောက်သို့ မိုင် ၂၀၊ တောင်မှမြောက်သို့ ၁၇ ဒသမ ၅ မိုင်ရှည်လျားကာ ဧရိယာ ၃၄၂ ဒသမ ၆၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြစ်သားမြို့နယ်သည် အရှေ့ဘက်တွင် ရွာငံမြို့နယ်၊ အနောက်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ အနောက်တောင်ဘက်တွင် ဝမ်းတွင်း မြို့နယ်၊ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်နှင့် အနောက်မြောက်ဘက်တွင် တံတားဦးမြို့နယ်တို့နှင့် ထိစပ်နေသည်။
မြစ်သားမြို့နယ်အတွင်း၌ ဘုရားစေတီ ၅၆၅ ဆူ နှင့် ဘုန်းကြီးကျောင်း ၂၆၈ ကျောင်းရှိသည့်အနက် မြစ်သားမြို့ပေါ်ရှိ ပေတောပရဟိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ထူးခြားသောဟန်ဖြင့် တည်ထားသည့် နဂါးပတ်စေတီ တစ်ဆူနှင့် ရာဇကုမာရ်ကျောက်စာထက် ၃၃ နှစ်စောသော စောလူးမင်း ကျောက်စာကို လေ့လာနိုင်ကြပေသည်။ ထို့အတူ မြစ်သားမြို့ပေါ်ရှိ ရွှေမုဋ္ဌော စေတီဝင်းအတွင်း၌ ပျူအက္ခရာများဖြင့် ရေးထိုးထားသည့် မြနဒီကျောက်စာကို တွေ့မြင်ကြရသည်။
ပေတောကုန်းကျောက်စာ
တွေ့ရှိခဲ့သည့်နေရာကို အစွဲပြုလျက် ပေတောကျောင်းကျောက်စာဟု အမည်ပေးထားသည့် ကျောက်စာထက်ပိုင်းကျိုး သုံးခုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ က မြစ်သားမြို့၊ ပေတောပရဟိတ ကျောင်းတိုက်အတွင်းမှ တွေ့ရှိခဲ့ပြီး နောက်ထပ် အပိုင်းကျိုးတစ်ခုကို နိုဝင်ဘာလ ၅ ရက်နေ့တွင် ထပ်မံတွေ့ရှိခဲ့သည်။ ယင်းအပိုင်းကျိုးများကို ဆက်စပ်ထားသည့် ကျောက်စာသည် အလျား ငါးပေ ကိုးလက်မ၊ အနံ သုံးပေ ခြောက်လက်မနှင့် အောက်ခြေအထူ ခုနစ်လက်မ၊ အပေါ်အဖျားပိုင်း အထူ ငါးလက်မ ရှိသည်။ ကျောက်စာချပ်သည် အနက်ရောင် ထုံးကျောက်ဖြစ်၍ မျက်နှာနှစ်ဖက်လုံးတွင် စာများရေးထိုးထားပြီး ပဲ့ထွက်နေသည့် ကျန်အပိုင်းကျိုးများကိုမူ မတွေ့ရှိရသေးချေ။
ယင်းကျောက်စာကို ပျူစာပေ ပညာရှင် ဦးစိန်ဝင်း၊ မွန်စာပေပညာရှင်နိုင်ဘရှင်၊ သမိုင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊ သုတေသီ ဦးမြင့်ဆန်း (Mickey Heat) အစရှိသူများက ဖတ်ရှုသုတေသနပြုကာ ဆောင်းပါးများ၊ စာတမ်းများ ရေးသားခဲ့ကြသည်။ ကျောက်စာကို မျက်နှာနှစ်ဖက် ရေးထိုးထားရာ မွန်စာထိုးထားသည့်အခြမ်းနှင့် ပျူစာထိုးထားသည့်အခြမ်းဟု ဆိုရမည်ဖြစ်သည်။ မွန်စာဘက်အခြမ်းတွင် စာကြောင်း ၂၉ ကြောင်း နှင့် ပျူစာဘက်အခြမ်းတွင် စာကြောင်း ၃၃ ကြောင်း ပါရှိသည်။ မွန်စာဘက်အခြမ်းအပေါ်ပိုင်းတွင် စာကြောင်း ရှစ်ကြောင်း၊ အလယ်တွင် ၁၃ ကြောင်းနှင့် အောက်ပိုင်းတွင် ခုနစ်ကြောင်း ပါရှိပြီး အပေါ်ဆုံး ငါးကြောင်းကို မဖတ်ရှုနိုင်ခဲ့ချေ။ ကျောက်စာ မွန်ဘက်ခြမ်းကြောင်းရေ (၁၈) တွင်ပါရှိသည့် သက္ကရာဇ်ကို ဆရာကြီး နိုင်ဘရှင်က ၄၄၁ ခုဟု ပြန်ဆိုပြီး ၄၁၅ ခုနှစ်ဟု ယူဆမှုများလည်း ရှိခဲ့သည်။ (ဇာတာတော်ပုံရာဇဝင်တွင် စောလူးမင်းကို ၄၁၁ ခုနှစ်တွင် ဖွားမြင်ကြောင်း ပြဆိုသဖြင့် ၄၁၅ ခုနှစ်တွင် စောလူးသည် လေးနှစ်အရွယ်သာ ရှိသေးကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။ ထို့အတူ ဦးကုလား မဟာရာဇဝင်ကြီးတွင် စောလူးမင်းသည် ၃၉၇ ခုနှစ်တွင် နန်းတက်ကြောင်းဖော်ပြထားရာ ကျောက်စာပါ သက္ကရာဇ်နှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ် ရာများဖြစ်လာခဲ့ရပေသည်။)
မွန်စာဘက်အခြမ်းစာကြောင်း အမှတ် (၇)နှင့် ပျူဘက်ခြမ်း စာကြောင်းအမှတ် (၁) နှင့် (၁၆) တွင် စောလူးမင်း၏ ဘွဲ့အမည်ဖြစ်သည့် ဗဇြာဘရဏဒေဝဟု ပါရှိသဖြင့် ပေတောကျောင်းကျောက်စာကို စောလူးမင်း ရေးထိုးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြသည်။
ကျောက်စာ၏ ပျူဘက်အခြမ်းတွင် အပေါ်ပိုင်း ၁၂ ကြောင်းသည် သက္ကတဘာသာ၊ ဒေဝနာဂရီ အက္ခရာ၊ အလယ် ၁၂ ကြောင်းကို ပါဠိဘာသာ၊ ကဒံဗ အက္ခရာ၊ အောက်ပိုင်း ၇ ကြောင်းကို ပျူဘာသာ၊ ပျူအက္ခရာဖြင့် ရေးထိုးထားသဖြင့် ဘာသာစကားသုံးမျိုး၊ အက္ခရာ သုံးမျိုးပါရှိ၍ မွန်စာဘက်အခြမ်းတွင် မွန်ဘာသာ စကား မွန်အက္ခရာဖြင့် ရေးထိုးထားသဖြင့် ပေတောကျောင်း ကျောက်စာသည် ဘာသာလေးမျိုး၊ အက္ခရာ လေးမျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာဖြစ်ကြောင်း ပျူစာပေပညာရှင် ဦးစိန်ဝင်းက ရေးသားခဲ့သည်။
ပေတောကျောင်း ကျောက်စာအက္ခရာနှင့် မြန်မာပြန်ခြင်းကို မွန်ဘက်အခြမ်းမှ စာများအား ဦးနိုင်ဘရှင်က ပြုလုပ်ခဲ့၍ ပျူဘက်အခြမ်းမှ စာများကို ဦးမြင့်ဆန်းက ရှေးဦးစွာ ပြုလုပ်နိုင်ခဲ့သည်။
ပျူစာမျက်နှာဘက်တွင် ပါရှိသည့် ဗဇြာဘရဏ ဒေဝ(ဿ)တွင် ရေးထိုးထားသော ဇ ရေးချရေးဟန်သည် သရေခေတ္တရာ ခင်ဘကုန်းရွှေပေလွှာနှင့် သရဲသမိန်ကျောက်စာတွင် ရေးထိုးခဲ့သည့်အတိုင်း ၅ ရာစုနှင့် ၇ ရာစု အကြား အိန္ဒိယတောင်ပိုင်း အက္ခရာရေးဆွဲပုံ နည်းစနစ်များနှင့် တူညီကြောင်း ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် က ဖော်ထုတ်ခဲ့သည်။
ပေတောကျောင်း ကျောက်စာတွင် ရေးထိုးထားသည့် ဘာသာစကားများသည် လေးမျိုးဖြစ်ကြောင်း ယူဆကြသကဲ့သို့ ငါးမျိုးဖြစ်ကြောင်း ယူဆမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ထိုစဉ်က ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် ကျောက်စာအထက်ပိုင်းရှိ မည်သည့်ဘာသာစကားဖြင့် ရေးထိုးထားကြောင်း ခန့်မှန်းရခက်နေသည့် စာကြောင်း ၁၂ ကျောင်း ကို အိန္ဒိယနိုင်ငံ ကမ္ပည်းကျောက်စာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ အစောပိုင်း နာဂရီအက္ခရာများဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
ပညာရှင်များ၏ အက္ခရာဖလှယ် မြန်မာပြန်ဆိုမှုများကြောင့် ကျောက်စာတွင် ရေးထိုးထားသည့် အဓိက အကြောင်းအချက်များကို သိရှိနိုင်ခဲ့ကြပြီးပေတောကျောင်း ကျောက်စာမှာ စောလူးမင်းသည် ရုပ်ပွားဆင်းတု သုံးဆူ အနက် နှစ်ဆူကို ဌာပနာ၍ တစ်ဆူကို ဘုရား၌ လှူကာ ကျွန် ၁၀၀၊ နွား ၁၀ ရှဉ်း၊ လယ်ပယ် ၁၀၀ နှင့် စပါးတင်း ၁၀၀၀ ကို ရေစက်သွန်းချ လှူဒါန်းသည့် အလှူမှတ်တမ်း ဖြစ်ကြောင်း တွေ့ရှိခဲ့ကြရသည်။
ပျူ၊ မွန်၊ ဒေဝနာဂရီနှင့် ကဒံဗအက္ခရာများဖြင့် ရေးထိုးထားပြီး ပျူ၊ မွန်၊ သက္ကတနှင့် ပါဠိဘာသာ လေးမျိုးပါရှိ သည့် ပေတောကျောင်းကျောက်စာသည် ကျောက်စာပါ သက္ကရာဇ်အရ ၄၄၁ ခုနှစ်တွင် ရေးထိုးခဲ့သဖြင့် ၄၇၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် ရာဇကုမာရ်ကျောက်စာထက် ၃၃ နှစ် စောခဲ့သည်။ ပျူနှင့် မွန်စာများပါရှိသည့် ပေတောကျောင်း ကျောက်စာကို ပုဂံဒေသမဟုတ်သည့် မြစ်သားနယ်တွင် တွေ့ရှိခဲ့သဖြင့် သမိုင်းကွက်လပ်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု မျှော်လင့်ရပေသည်။ ။
မြစ်သားမြို့ ပေတောကျောင်းကျောက်စာပိုင်း လေးပိုင်းကို ဆက်စပ်ချည်နှောင်ကာ ပေတော ပရဟိတကျောင်းအတွင်း၌ ကျောက်စာရုံတွင် ထိန်းသိမ်းထားရှိပြီး ကျောက်စာရုံကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
မြစ်သားနယ်မှ ပျူကျောက်စာ
မြစ်သားမြို့နယ်အတွင်းမှာပင် ပျူကျောက်စာတစ်ချပ်ကို ရရှိခဲ့ပြီး မြစ်သားမြို့၊ ရွှေမုဋ္ဌော ဘုရားဝင်းအတွင်းရှိ ကျောက်စာရုံတွင် ထိန်းသိမ်းထားရှိသည်။ ပျူစာ ၁၀ ကြောင်းပါရှိသည့် ယင်းကျောက်စာချပ်သည် အလျား ၅ ပေ ၁၁ လက်မ၊ အမြင့် နှစ်ပေရှစ်လက်မရှိကာ ကျောက်စာ ချပ်သည် အထူအပါးမညီဘဲ သုံးလက်မနှင့် ငါးလက်မ အကြားရှိ၍ ကျောက်စာကို တွေ့ရှိချိန်တွင် ကတည်းက ကျောက်စာအပေါ်ပိုင်းသည် ကျိုးနေခဲ့သည်။
မြစ်သားမြို့နယ် ကူမဲမြို့မှ အရှေ့တောင်ဘက်သို့ ငါးမိုင်ကွာဝေးသည့် ပင်လယ်မြို့ဟောင်း၏ အရှေ့မြောက်ဘက် ၁၀ မိုင် အကွာ (မြေပုံမျဉ်းဖြောင့်အတိုင်း လေးမိုင်အကွာ) တွင် ပန်းလောင်မြစ်ကို မေးတင်နေသည့် မြနဒီကျေး ရွာတည်ရှိသည်။ ယင်းကျေးရွာ၏ အရှေ့တောင်ဘက် မိုင်ဝက်အကွာ၊ လှည်လမ်းကြောင်းတစ်ခုဘေးမှ ရရှိခဲ့သည့် ကျောက်စာသည် မြနဒီရွာကို အစွဲပြု၍ “မြနဒီကျောက်စာ” ဟု အမည်တွင်ခဲ့သည်။
မြနဒီကျောက်စာသည် လယ်တွင်း ၁၁ ခရိုင်တွင် အစောဆုံးတွေ့ရှိခဲ့သည့် ပျူစာပါ ကျောက်စာဖြစ်၍ ကျောက်စာတွေ့ ရှိခဲ့သည့် နေရာအနီးဝန်းကျင်မှ အိုးအစအနများ၊ အုတ်ချပ်များစသည့် ရှေးဟောင်းအထောက်အထားများ မတွေ့ရှိခဲ့ရချေ။ လှည်းလမ်းကြောင်းတွင် တစ်ပိုင်းတစ်စ ပေါ်နေခဲ့သည့် ကျောက်စာချပ်သည် လှည်းဘီးများပွတ်တိုက်မှုကြောင့် စာသားများ ပျက်စီးနေခဲ့ရာ မြနဒီကျေးရွာမှ ဦးကျော်စိန်နှင့် ဦးလှမောင်တို့က ကျောက်ပြားပေါ်တွင် စာများတွေ့သဖြင့် တူးဖော်ခဲ့ရာမှ မြနဒီကျောက်စာ ပေါ်ထွက်လာခဲ့သည်။ ။
ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ကွင်းဆင်း လေ့လာရေးအဖွဲ့၏ သုံးသပ်ချက်အရ မြနဒီကျောက်စာ တွေ့ရှိသည့် နေရာဝန်းကျင်တွင် မည်သည့်သဲလွန်စမှ မတွေ့ရှိခဲ့သဖြင့် ပျူကျောက်စာသည် ထိုနေရာသို့ မည်ကဲ့သို့ ရောက်ရှိလာကြောင်း မခန့်မှန်းနိုင်ခဲ့ချေ။ ဖြစ်နိုင်ခြေတစ်ရပ်အဖြစ် မြနဒီကျောက်စာကို အခြားတစ်နေရာမှယူဆောင်လာခြင်း သို့မဟုတ် ထိုနေရာတွင် မြနဒီဒေသထွက် ကျောက်ဖြင့် လာရောက်ရေးထိုးခြင်းဖြစ်နိုင်ကြောင်း လေ့လာရေးအဖွဲ့က သုံးသပ်ခဲ့ကာ ခုနစ်ရာစုနှင့် ရှစ်ရာစုအတွင်းက ရေးထိုးခဲ့သည့် ကျောက်စာဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ။
ကျောက်စာရေးထိုးထားသည့် ကျောက်သားသည် သဲကျောက်ထက် ပိုမိုမာကျောသဖြင့် ကျောက်သားပြင် မညီညာသည့် နေရာများကိုကျော်ကာ စာများရေးထိုးခဲ့ကြောင်းနှင့် ယင်းကျောက်သားသည် ဒေသထွက် ကျောက်ဖြစ်နိုင်၍ မြနဒီကျေးရွာ အရှေ့တောင်ဘက်သို့ သွားသည့်လမ်းတွင် အောက်ခံမြေသားမှ ထိုးထွက်နေသည့် ကျောက်များသည် မြနဒီကျောက်စာချပ် ကျောက်သားနှင့် တူညီနေကြောင်း ရှေးဟောင်းသုတေသန ပညာရှင် ဦးကျော်မျိုးဝင်းက ရေးသားခဲ့သည်။
တစ်ချိန်က ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် မြစ်သားမြို့နယ်မှ ပျူကျောက်စာတစ်ချပ်နှင့် ပုဂံခေတ် ကျောက်စာတစ်ချပ်ကို ရရှိခဲ့သဖြင့် မြစ်သားဒေသသည် ပညာရှင်များနှင့် သုတေသီများ အထူးစိတ်ဝင်စားသည့် နယ်မြေတစ်ခု ဖြစ်လာခဲ့ပေသည်။
ကိုးကား
မိုင်းမောမြို့ဟောင်း (ရှေးဟောင်းသုတေသနဦးစီးဌာန) ပျူအက္ခရာ စာပေပေါင်းချုပ်အတွဲ (၁) (ဦးစိန်ဝင်း) ပေတောကျောင်းကျောက်စာ (နီတွတ်၊ သမိုင်းပါမောက္ခ) ပေတောကျောင်း ကျောက်စာစာတမ်းများ


