၁၂ ဖေဖော်ဝါရီ
မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယားလုပ်ငန်း ဆက်လက်လုပ်ဆောင်နေသည့် လက္ခဏာများကို အတည်ပြုခဲ့သည်ဟု အမေရိကန် အကြံပေးအဖွဲ့က ဆိုသည်။
တနင်္လာနှင့်အင်္ဂါနေ့က ရိုက်ကူးထားသော Nyongbyon နျူကလီးယားသုတေသနစက်ရုံ ဂြိုလ်တုပုံရိပ်များ၏ လေ့လာဆန်းစစ်မှုရလဒ်များကို မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာက ကြေညာခဲ့သည်။
နျူကလီးယား လောင်စာထုတ်လုပ်မှုစက်ရုံအနီး ရထားသံလမ်းပေါ်တွင် ၁၀ မှ ၁၃ မီတာ အရှည် အသီးသီးရှိသည့် ရထားတွဲသုံးတွဲကို ထိုရိုက်ကူးထားသော ပုံရိပ်တွင် ပြသထားသည်။
ထိုရထားတွဲများကို တနင်္ဂနွေနေ့က ရိုက်ကူးသော ပုံရိပ်တွင် မတွေ့ရှိဟု ၎င်းစင်တာက ဆိုသည်။
အဆိုပါ ရထားတွဲများသည် ယခင်က ရေဒီယိုသတ္တိကြွပစ္စည်းများ၏ လှုပ်ရှားမှုနှင့် ဆက်စပ်နေသည်။ ယခင်နှစ် နိုဝင်ဘာလက နောက်ဆုံးမြင်တွေ့ခဲ့ရသည်။
အရည်၊ ရေဒီယိုသတ္တိကြွ စွန့်ပစ်ကုန်ပစ္စည်းများ အပြင်သို့ ပို့ဆောင်ရာတွင် ထိုရထားတွဲများ အသုံးပြုနိုင်ခြေရှိကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြောက်ကိုရီးယားတို့ရည်ညွှန်းသော မဟာဗျူဟာမြောက်လက်နက်အသစ်နှင့် ဆက်စပ်မှု ရှိ/မရှိ ဆိုသည်ကို မသိရသေးသော်လည်း ထိုနေရာတွင် ဆက်လက်လုပ်ဆောင်နေသည်ကို သက်သေပြနိုင်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


