ဖေဖေါ်ဝါရီ ၁၂
ပြီးခဲ့သည့်နှစ်က လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံသည် ဒေါ်လာ သန်း ၃၇၀ တန်ဖိုးရှိ ကျောက်မီးသွေးများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအဖွဲ့၏ မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုကို လေ့လာစောင့်ကြည့်သည့် အဖွဲ့၏ အစီရင်ခံစာအကျဉ်းချုပ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား ယမန်နေ့က တင်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ဇန်နဝါရီလအတွင်း သင်္ဘောဖြင့် ကျောက်မီးသွေး တန်ချိန် ၃ ဒသမ ၇ သန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အဓိက နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ကို ဖြတ်တောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်းက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တွင် ကျောက်မီးသွေး တင်ပို့မှုကို တားမြစ်ထားသည်။
ရေနံထွက်ကုန်များကို တစ်နှစ်လျှင် စည် ငါးသိန်းခန့် တင်သွင်းရန် ကုလသမဂ္ဂက ကန့်သတ်ထားသော်လည်း မြောက်ကိုရီးယားနိုင်ငံသည် သန့်စင်ပြီး ရေနံထွက်ကုန်များ တင်ပို့ရာတွင် သင်္ဘောများမှ တစ်ဆင့် လွှဲပြောင်းမှုများ ပြုလုပ်နေကြောင်း အဆိုပါ အစီရင်ခံတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြောက်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားများအား နေရပ်သို့ ပြန်ပို့မည်ဟု ပြောဆိုမှုများ ရှိခဲ့သော်လည်း အားကစားသမားများနှင့် ဆရာဝန်များအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ခြင်းဖြင့် ပြည်ပဝင်ငွေများကို မြောက်ကိုရီးယားနိုင်ငံမှ ဆက်လက်ရရှိနေကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဒုံးကျည်ထုတ်လုပ်မှု အစီအစဉ်များနှင့်ပတ်သက်ပြီး ရန်ပုံငွေများ ရရှိခြင်းမရှိဟု ငြင်းဆိုထားသော်လည်း ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ အရေးယူများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ဖြစ်လာသည်။
လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ကို ရယူပြီးနောက် အစီရင်ခံစာကိုမတ်လတွင် ထုတ်ပြန်မည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


