မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် စစ်ရေးလေ့ကျင့်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို  သွားရောက်တွေ့ဆုံ

ပြုံယမ်း၊ မတ် ၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏အနောက်ဘက်ပိုင်းရှိ စစ်အခြေစိုက်စခန်း၌ စစ်ရေးလေ့ကျင့်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လျက်ရှိစဉ် ခေါင်းဆောင်ကင်ဂျုံအန်က ယခုကဲ့သို့ စစ်ရေးလေ့ကျင့်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏အနောက်ဘက်ရှိ စစ်အခြေစိုက်စခန်းသို့ မတ် ၆ ရက်က သွားရောက်ခဲ့ပြီး အဓိက စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်သည့် တပ်ဖွဲ့များကို ခေါင်းဆောင်ကင်ဂျုံအန်က တွေ့ဆုံခဲ့ကြောင်း မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က သတင်းဖော်ပြသည်။

ပြီးပြည့်စုံသော   စစ်ပြင်ဆင်မှုများအတွက် နိုင်ငံ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့် သင့်သည်ဟု ခေါင်းဆောင် ကင်ဂျုံအန်က တပ်ဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းသို့ စစ်ဆင်ရေးလေ့ကျင့်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ခေါင်းဆောင်ကင်ဂျုံအန်သွားရောက် စစ်ဆေးမှုသည်  အမေရိကန်နှင့် တောင်ကိုရီးယားတို့အား သိသာထင်ရှားသော သတိပေးမှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လျက်ရှိစဉ် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံက ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်