မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လတ်ဗရော့စ်နှင့် တွေ့ဆုံ

 

ပြုံယမ်း၊ အောက်တိုဘာ ၂၀

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လတ်ဗရော့စ်နှင့် ယမန်နေ့တွင် တွေ့ဆုံသည်။ ယခုခရီးစဉ်သည် လတ်ဗရော့စ်၏ မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

 

ပြီးခဲ့သောလတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ရုရှားနှင့်ရရှိထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီသတင်းစာ Rodong Sinmun က အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

 

ထိပ်သီးအစည်းအဝေးတွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် သဘောတူညီချက်များကို အကောင်အထည် ဖော်ခြင်းဖြင့် ပြုံယမ်း၏ ရပ်တည်ချက်ကို ပြသခဲ့ကြောင်း အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။

 

ကင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ အာကာသစခန်းတစ်ခု၌ စက်တင်ဘာလတွင် တွေ့ဆုံခဲ့သည်။

 

ကင်နှင့် လတ်ရော့စ်တို့သည် နှစ်နိုင်ငံအတွက် အရေးကြီးသော ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာ အခြေအနေကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းရန်နှင့် နယ်ပယ်အားလုံးတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့ရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ အစီရင်ခံစာတွင် နှစ်ဦးသဘောတူ သဘောတူညီချက် ရရှိခဲ့သည်ဟု ဆိုသည်။

 

လက်မှတ်ရေးထိုး

 

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချူဆွန်ဟူနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လတ်ရော့စ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးနှစ်ဦးသည် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာအပါအဝင် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီး ဌာနများသည် ၂၀၂၄ မှ ၂၀၂၅ ခုနှစ်အထိ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်