ပြုံယမ်း ဇွန် ၁၃

 

မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးစွမ်းရည် အလျင်အမြန်မြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က လက်ရှိအာဏာရအလုပ်သမားပါတီ၏ အစည်းအဝေးတွင် ပြောကြားသည်။

 

ဇွန် ၈ ရက်မှစတင်ကာ ဇွန် ၁၀ ရက် အထိကျင်းပခဲ့သည့် အလုပ်သမားပါတီ၏  မျက်နှာစုံညီအစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအာဏာရ အလုပ်သမား ပါတီပိုင် Rodong Sinmun သတင်းစာက ဇွန် ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

 

လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံသည် အလွန်ဆိုးရွားသည့် လုံခြုံရေးအခြေ အနေတစ်ရပ်နှင့် ရင်ဆိုင်နေရခြင်းကြောင့် ကာကွယ်ရေးစွမ်းရည်ကို တတ်နိုင်သမျှ မြှင့်တင်ရန် အရေးကြီးကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားသည်။

 

ထို့ပြင် မိမိနိုင်ငံကို ကာကွယ်ပိုင်ခွင့်သည် အချုပ်အခြာအာဏာကို ကာကွယ်ရသည့်ကိစ္စဖြစ်ကြောင်းလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဆက်လက်ပြောကြားသည်။ သုံးရက်ကြာ ကျင်းပခဲ့သည့် အလုပ်သမားပါတီ၏ အစည်းအဝေးတွင် ပါတီနှင့် အစိုးရရာထူးများအတွက် တာဝန်ရှိသူများကို ရွေးကောက်တင်မြှောက်သည့် ကိစ္စရပ်လည်း ပါဝင်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး(၁) ချိုဆွန်ဟေးကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ချိုဆွန်ဟေး သည် အမေရိကန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း လည်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်