မော်လိုက်  ၁၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အမှုပေါင်း ၅၃ မှုရှိခဲ့ရာ ၂၀၁၈ ခုနှစ်ထက် မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ မော်လိုက်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် လူငယ်လူရွယ်နှင့် ပြည်သူများအကြား မူးယစ်ဆေးဝါး ပျံ့နှံ့နေမှုများ လျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု  ၂၇ မှု ဘိန်းဖြူ ၁၀၁ ဒသမ ၂ ဂရမ်၊ ဘိန်းမဲ ၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ ပြား၊ တရားခံ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၄ ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၅၃ မှု၊ ဘိန်းဖြူ ၃၅၇ ဒသမ ၈၈ ဂရမ်၊ ဘိန်းမဲ ၅၉၂ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၃ ပြားနှင့် တရားခံ အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း” မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူထံမှ သိရသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူများ လျော့နည်းကျဆင်းရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

မော်လိုက်သားလေး