မောင်ကောင်းခန့်လင်း(ခ) ချိုင်းထောက် အား MFF မှ မြန်မာအသင်းဂျာစီ၊ ဘောလုံးနှင့် ထောက်ပံ့ငွေများ ပေးအပ် 

ရန်ကုန် ၁၆ ဇန်နဝါရီ


လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာပေါ်တွင် ချိုင်းထောက်ဖြင့် ဘောလုံးကစားသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေသူ မောင်ကောင်းခန့်လင်း (ခ) ချိုင်းထောက် အား MFF မှ မြန်မာအသင်းဂျာစီ၊ ဘောလုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 


အသက် (၁၅)နှစ်အရွယ်ရှိ မောင်ကောင်းခန့်လင်းသည် ယခုအခါတွင် ဆယ်တန်း တက်ရောက်သင်ကြားနေပြီး ဝါသနာအရ ဘောလုံးကို နှစ်သက်စွာ ကစားနေသူဖြစ်သည်။ ပြီးခဲ့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ကော်မတီဖလား ဘောလုံးပြိုင်ပွဲတွင် မောင်ကောင်းခန့်လင်းသည် မျိုးဆက်သစ် လူငယ်အုပ်စု (E)အသင်းမှ ဝင်ရောက်ကစားခဲ့ပြီး ပင်နယ်တီကန်သွင်းယူနေသည့် ဗီဒီယိုဖိုင်မှာ ဖေ့ဘုတ်စ်လူမှု ကွန်ယက်စာမျက်နှာပေါ်တွင် ပြန့်နှံ့လာခဲ့သည်။ 

 

 

အဆိုပါပွဲတွင် မောင်ကောင်းခန့်လင်းသည် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ လမ်းညွှန်မှုဖြင့် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း ဦးဆောင်သည့် အဖွဲ့မှာ ယမန်နေ့က မောင်ကောင်းခန့်လင်း (ခ) ချိုင်းထောက်ထံ သွားရောက်ကာ တွေ့ဆုံအားပေးခဲ့ပြီး ဘောလုံးကို ချစ်သကဲ့သို့ ပညာရေး မလစ်ဟင်းစေရန် တိုက်တွန်းအားပေးခဲ့သည်။ ထို့နောက် MFF မှ မောင်ကောင်းခန့်လင်းအတွက် မြန်မာအသင်းဂျာစီ (Player Version) နှင့် ဘောလုံးတစ်လုံး၊ ဧရာဝတီ ဖောင်ဒေးရှင်းမှ ကျောင်းသုံး မုန့်ဖိုးငွေ ကူညီပေးခဲ့ကြောင်း သိရသည်။


MDN
ဓာတ်ပုံ - MFF