မြောင်းမြ  ၃ဝ  မတ်

 

မြောင်းမြမြို့အခမဲ့ ကားလေးဇက်ဆိပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် (ရေ) ကမ်းထိုးဇက်ရေယာဉ်မှ အရာရှိစစ်သည်များနှင့် အရပ်ဘက်ပရဟိတလုပ်ငန်း ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုနှုတ်ဆက်ညစာစားပွဲအခမ်းအနားကို မတ်လ ၂၉ ရက် ညပိုင်းက  မြောင်းမြမြို့ အမှတ်(၁)ရပ်ကွက် ကားလေးဇက် ဆိပ်ကမ်း၌ ဆန်စက်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များမှပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  


      
မြောင်းမြကြိုးတံတား မြစ်အတွင်းပြတ်ကျသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ ကားလေးအစီး ၁၂ဝဝဝဝ ကျော်၊ ဆိုင်ကယ် အစီး ၉ဝဝဝဝ ကျော်၊ လူဦးရေ ၅ဝဝဝဝဝ ကျော်တို့အားအခမဲ့ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

 

အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ မြောင်းမြကြိုးတံတားမြစ်အတွင်း ပြတ်ကျပြီးနောက်ပိုင်း အမှတ်(၁) အခမဲ့ ကားလေးဇက်ဆိပ်တွင်အရပ်ဖက်ပရဟိတဆောင်ရွက်ကြသူများနှင့်တပ်မတော်(ရေ)ကမ်းထိုးဇက်ရေယာဉ်မှ အရာရှိစစ်သည်များနှင့် ပူးပေါင်းကာ ယနေ့အချိန်ထိ အောင်မြင်စွာ ဆောင်ရွက်နိုင်သည်မှာလည်း မြောင်းမြမြို့ရှိဆန်စက်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များမှ ကူညီပံ့ပိုးပေးကြသဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အမှတ်(၁)အခမဲ့ ကားလေးဇက်ဆိပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံကျွေးမွေးပြီး တပ်မတော်(ရေ) ကမ်းထိုး ဇက်ရေယာဉ်မှ မြောင်းမြတံတားသစ်ကြီးရှိရာဘက်သို့ခုတ်မောင်းပြီး ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်ကာ ခဲ့သည်။

 

မြောင်းမြကြိုးတံတားမြစ်အတွင်း ပြတ်ကျသည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရမှ အခမဲ့ဇက်ရေယာဉ်များဖြင့် မြစ်ကူးဆောင်ရွက်ပေးရာ အမှတ်(၁)ကားလေးဇက်ဆိပ်တွင် တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များ၊အမှတ်(၂)ကားကြီးဇက်ဆိပ်နှင့် (၇)လမ်းဧရာဝတီသင်္ဘောဆိပ်တို့တွင် မြန်မာရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ မြောင်းမြတံတားသစ်ကြီး ဧပြီလ(၁)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်သဖြင့် မဖွင့်လှစ်ခင်နေ့အထိ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇော်မင်းသွင် (မြောင်းမြ)

 

Upload