နေပြည်တော် ၁၉ ဧပြီ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အငူမော်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် ရီမုမိုင်း ၄ လုံးကို ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ရှာဖွေဖော်ထုတ်တွေ့ရှိသဖြင့် အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တပ်မတော်လုံခြုံရေးစစ်ကြောင်းများက အငူမော်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် အငူမော်ကျေးရွာ၏ အနောက်မြောက် ဘက်မီတာ ၅၀ဝ ခန့်အကွာ မောင်တော-အငူမော်ကားလမ်းဘေး၌ AA အဖွဲ့ မိုင်းထောင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ဖော်ထုတ်ရှင်းလင်း သက်မဲ့ပြုလုပ်ရန် ခက်ခဲသဖြင့် စနစ်တကျဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့သည်။
AA အဖွဲ့သည် အများပြည်သူအသုံးပြုသွားလာလျက်ရှိသည့် ကားလမ်းများ ပေါ်တွင် ခရီးသွားပြည်သူများ ထိတ်လန့်အန္တရာယ်ဖြစ်စေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုယာဉ်များနှင့် လှုပ်ရှားမှုများကို မိုင်းခွဲတိုက်ခိုက်ရန်ရည်ရွယ်လျက် မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန်အထိ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ကားလမ်းများပေါ်တွင် မိုင်းထောင်ခဲ့သည့် အကြိမ် ၁၂ ကြိမ်ရှိပြီး မိုင်း ၃၉ လုံးအား တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ဖော်ထုတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


