၆ ဒီဇင်ဘာ
အတ္တလန္တိတ်သမုဒ္ဒရာတွင် ရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသော သင်္ဘောနစ်မြုပ်ခဲ့သဖြင့် ရွှေ့ပြောင်းအလုပ်သမား ၆၂ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ သင်္ဘောသည် အနောက်အာဖရိကမှ ဥရောပသို့ ဦးတည်သွားနေစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
မော်ရီတေးနီးယားနိုင်ငံ နော့ဒ်ဟီဘူမြို့အနီး ကမ်းလွန်ပင်လယ်ပြင်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုသင်္ဘော နစ်မြုပ်ခဲ့သည်။
၎င်းသင်္ဘောသည် ဂမ်ဘီယာနှင့်ဆီနီဂေါ နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား ၁၅၀ ခန့် တင်ဆောင်လာသည်ဟု အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက ဆိုသည်။
ထိုသင်္ဘောသည် နိုဝင်ဘာ ၂၇ ရက်နေ့က ဂမ်ဘီယာနိုင်ငံမှ စပိန်နိုင်ငံ ကနေရီကျွန်းများသို့ သွားနေစဉ် ယင်းသင်္ဘောမနစ်မြုပ်မီ ဆီပြတ်သွားခဲ့ကြောင်း နှင့် ၎င်းသင်္ဘောပေါ်ပါ ၈၅ ဦး ကမ်းစပ်သို့ ရေကူးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ကနေရီကျွန်းများမှတစ်ဆင့် ဥရောပသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် အနောက်အာဖရိကမှ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများသည် မော်ရီတေးနီးယား ပင်လယ်ပြင်ကို အသုံးပြုကာသွားလာခဲ့ကြသည်။
သို့သော်လည်း ရွှေ့ပြောင်းလုပ်သားများစွာမှာ လှေများနစ်မြုပ်ပြီးနောက် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းနှင့် အခြားသောအခက်အခဲများနှင့်ကြုံတွေ့ကြရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


