တင်ဝင်းလေး(ကြည့်မြင်တိုင်)
“သမီးလေး ဒီကိုပေး”
ဦးသာအောင် ငွေကျပ်တစ်ထောင်တန် တစ်ရွက်ကိုကိုင်ကာ ၉၈ YBS ယာဉ်မောင်းနောက်နားကျကျမှာရပ်ရင်း တက်လာသူ တွေဆီက ငွေအကြွေတွေကို လက်ဖြန့်တောင်းခံနေရပါတယ်။ ကျပ်၂၀၀တန် နှစ်ရွက် ရထားပြီးပါပြီ။
နောက်တက်လာသူ တစ်ယောက်ဆီက လှမ်းတောင်းတော့ ကျပ် ၅၀၀ တန်ဖြစ်နေလို့ ရထားပြီးတဲ့ ကျပ် ၂၀၀ တန်တစ်ရွက်ကို ပြန်အမ်းလိုက်ရပါတယ်။ ငွေကျပ် ၂၀၀ တန် ချည်းမို့ ကျပ် ၅၀၀ ပေးထားတဲ့သူကို ငွေကျပ် ၃၀၀ ပြည့်အောင် ပြန်မအမ်းနိုင်ခဲ့၊ သူကလည်းငွေကျပ် ၂၀၀ တန်ကိုယူပြီး ယာဉ်နောက်ဘက် ထိုင်ခုံအလွတ်ရှိရာကို တန်းသွားပါတယ်။
ဦးသာအောင် သူ့လက်ထဲ ကျပ် ၅၀၀ တန် တစ်ရွက်၊ ကျပ် ၂၀၀ တန်တစ်ရွက် စုစုပေါင်း ကျပ် ၇၀၀ ရပြီမို့ နောက်ထပ်ငွေကျပ် ၁၀၀ ကို မစောင့်တော့။ လက်ထဲကိုင်ထားတဲ့ ကျပ် ၁၀၀၀ ကို ငွေပုံးထဲကိုထည့်ပြီး ယာဉ်နောက်ဘက်ကို လျှောက်လာခဲ့ပါတယ်။ ယာဉ်ပေါ်တက်ခါစတုန်းက ထိုင်စရာခုံတွေ လွတ်နေသေးပေမယ့် ငွေအကြွေစောင့်ရင်းက ထိုင်ခုံတွေ ပြည့်သွားခြင်းဖြစ်ပါတယ်။ မြို့ထဲအထိ သွားရမှာမို့ တစ်လမ်းလုံးမိုးတိုး မတ်တတ်ရပ်ပြီး လိုက်ပေတော့။ YBS စီးဖို့ အကြွေမဆောင်နိုင်ခဲ့တဲ့ ဦးသာအောင်အဖို့ ဒီအဖြစ်မျိုးက မကြာမကြာဖြစ်နေကျဆိုတော့ မိမိအပြစ်လို့သာ မှတ်ယူထားပါတယ်။
ဆယ်စုနှစ်ငါးစုလောက် မ ထ သ (မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုကော်မတီ) လက်အောက်ကနေ ပြည်သူ့အစိုးရခေတ် အပြောင်းအလဲအစ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) လို့ ပြောင်းလဲ ဆောင်ရွက်ခဲ့တာပါ။
ပြန်လည်တာဝန်ပေးအပ်ထား
ဖွဲ့စည်းပုံတွေကအစ ပြောင်းလဲခဲ့ပါ တယ်။ အဖွဲ့ရဲ့နာယက က ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ ဥက္ကဋ္ဌကတော့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ပါ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ မန်နေဂျင်းဒါရိုက်တာတွေ စသည်ဖြင့်ပေါ့ ။ဝန်ထမ်းအများစုကတော့ အရင် မထသ က ဝန်ထမ်းဟောင်းတွေကို ဆက်လက်တာဝန်ပေးခဲ့တာကို တွေ့ရပါတယ်။ လုပ်ငန်း ခါးဆက်မပြတ်ရအောင် အရင် မထသ အဖွဲ့က ဥက္ကဋ္ဌ ဦးလှအောင်ကို လုပ်ငန်းကျွမ်းကျင်မှုကြောင့် တွဲဖက်အတွင်းရေးမှူးအဖြစ်နဲ့ ပြန်လည်တာဝန်ပေးအပ်ထားတာကို တွေ့ရပါ တယ်။ ဦးလှအောင်က တော်ပါတယ်၊ လုပ်ငန်း စက်ယန္တရားကြီး လည်ပတ်ရေးရဲ့ အဓိက ဝင်ရိုးကြီးဖြစ်သလို ပြင်ပဆက်သွယ်မှုအဖြစ် မီဒီယာတွေနဲ့လည်း ဆက်ဆံရေးမှာ အလွန် ညက်ညောသူတစ်ဦးပါ။
သုံးလိုင်းနဲ့ အဝိုင်းပတ်စနစ်
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားကို တကယ့်ကို အကောင်အထည်ဖော်လိုက်တာ ပဲလို့ အောက်မေ့မိပါတယ်။ တစ်ချိန်တုန်းက မြို့တစ်ပတ်ကြီး ခရီးရှည်သွားနေတဲ့လိုင်းကားတွေအားလုံးကို တစ်ဝက်တစ်ပိုင်းစီ ဖြတ်လိုက်သလိုပါပဲ။ လိုင်းကားကြီးတွေကို တောက်လျှောက်မြို့ထဲအထိ အဝင်မခံတော့။ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာဘက်က လာတဲ့လိုင်းကားတွေဆို သခင်မြပန်းခြံမှာ ဂိတ်ဆုံး၊ ဒဂုံမြို့သစ်၊ သင်္ဃန်းကျွန်း၊ တာမွေ ဘက်ကလာတဲ့ လိုင်းကားတွေဆို ဗိုလ်တထောင်ဘုရားအနီးမှာ ဂိတ်ဆုံး၊ မြို့ထဲကိုတော့ လိုင်းနံပါတ် ၅၆၊ ၅၇၊ ၅၈ သုံးလိုင်းနဲ့ အဝိုင်းပတ်စနစ် သယ်ယူပို့ဆောင် မှုကို လုပ်ခဲ့ပါတယ်။
မှတ်မိနေပါသေးတယ်။ အဲဒီ ၁၆ ရက်နေ့ကဆို ခရီးသည်တွေအားလုံး ဗြောင်းကို ဆန်နေတာပဲ။ ဘယ်လိုင်းကားကို ဘယ်နေရာ က စောင့်ရမလဲ မသိ၊ မောင်းတဲ့သူတွေကလည်း ဘယ်ဟာက မှတ်တိုင်မှန်းမသိ၊ တောင်ပြေးမြောက်ပြေးနဲ့ ပျော်စရာကြီးလို့ပဲ ပြောရမလား၊ စိတ်ညစ်စရာကြီးပဲလို့ ပြောရမလားမသိအောင် ဖြစ်ခဲ့ရတဲ့ ဒုက္ခတွေ၊ ညနေ ရုံးဆင်းပြီး ညမိုးချုပ်တဲ့အထိ လိုင်းကားပေါ် မရောက်သေးတဲ့သူတွေ ရှိခဲ့ပါတယ်။
ဒါတောင် ယာဉ်လိုင်းနံပါတ်တွေနဲ့ ပြေးဆွဲ မယ့်လမ်းကြောင်းတွေကို လက်ကမ်းကြော်ငြာတွေ ကြိုတင်ဖြန့်ဝေထားသလို အဲဒီရက်တွေ မှာ အစိုးရသစ်ကို ထောက်ခံကြိုဆိုကြသူတွေ က မှတ်တိုင်တိုင်းမှာ ခရီးလမ်းညွှန်အကူအညီပေးခဲ့ကြပါတယ်။
သယ်ယူပို့ဆောင်ရေးကဏ္ဍကို အားဖြည့်
ခရီးသည်တွေ စုပြုံနေတဲ့နေရာတွေမှာဆို ဌာနဆိုင်ရာကားတွေက ဝင်ရောက်သယ်ယူပို့ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အငှားယာဉ်လေးတွေကလည်းအလျဉ်းသင့်ရာ လမ်းကြောင်းတွေကနေ အခမဲ့ပို့ဆောင်ပေးနေခဲ့တာဟာ ရန်ကုန်အစိုးရသစ်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အားဖြည့်ခဲ့ကြ တာပါပဲ။
အခုဆို ရန်ကုန်မြို့ရဲ့ ခရီးသွားကဏ္ဍဟာပြောင်းလဲခြင်းနဲ့အတူ တိုးတက်ခြင်းများစွာနဲ့ ဆက်လှမ်းနေပါတယ်။ အများအားဖြင့် လိုင်းကားအသစ်ကြီးတွေပေါ်မှာ လေအေးပေးစက်နဲ့ အဆင့်မြင့်မြင့်သွားလာနေကြပါပြီ။ နွေရာသီဆို အဲဒီတန်ဖိုးကို ပိုသိရပါတယ်။ အရင်က ချွေးသံတလုံးလုံးနဲ့စီးခဲ့ရတာကနေ အခု အေးအေးဆေးဆေးဇိမ်ပါပဲ။
အဲ...ရုံးတက်ရုံးဆင်းချိန်က လွဲလို့ပေါ့။ ဒါ့အပြင် မပြောင်းလဲနိုင်သေးတဲ့ လိုင်းကား အဟောင်းတွေ ရှိနေသေးသလို မပျောက်နိုင်သေးတဲ့ ယာဉ်နောက်လိုက်ပါတဲ့ လိုင်းကားတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့ တကယ့်ကိုစိတ်ညစ်ညူးစရာပါ။ ဒါက လည်း သူတို့ဘက်က အခက်အခဲတွေရှိလို့နေမှာပေါ့။
အခုဆို ပြောင်းလဲလာမှုက သုံးနှစ်ကျော် ကာလ သက်တမ်းထဲ ရောက်ရှိနေခဲ့ပါပြီ။ စတင်စဉ်က ယာဉ်လိုင်း ၆၁ လိုင်းနဲ့သာ စခဲ့ပေမယ့် ခရီးသွားပြည်သူများပြားမှု လိုအပ်ချက်ကြောင့် အခုအခါ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်နေပါပြီ။ ယာဉ်အစီးရေဆိုလည်း အသစ် အဟောင်း ၄၃၀၀ ကျော်သွားပြီလို့ သိရပါတယ်။ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ငွေအကြွေရှားပါးမှုဟာ YBS ခရီးသည်တွေ အတွက် အခက်အခဲအများကြီး ဖြစ်စေခဲ့ပါ တယ်။ ပထမပိုင်း ဂိတ်အချို့မှာ ငွေအကြွေ လဲပေးမှုတွေ ရှိခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေ လစာထုတ်ပေးတဲ့အခါ ကျပ် ၂၀၀ တန်၊ ၁၀၀ တန်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။ အခုတော့ ကောက်ရိုးမီးလိုပါပဲ ငြိမ်းသွားပါပြီ။
ရုံးဝန်ထမ်းတွေနဲ့ YBS အမြဲစီးနေတဲ့သူတွေအဖို့ ကျပ် ၂၀၀ ၊ ကျပ် ၁၀၀ တန်ကို အမြဲဆောင်ထားကြရပါတယ်။ ဒီအတိုင်း ဘယ်သူမှ အကြွေမလဲပေးပါဘူး။ ဈေးသွားရင်းဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုဝယ်ရင်း ငွေအကြွေ ရဖို့အတွက် ကျပ် ၅၀၀ တန်၊ ကျပ် ၁၀၀၀ တန် ကို ပေးရပါတယ်။ ပြန်အမ်းလာတဲ့ ကျပ် ၂၀၀ တန်၊ ကျပ် ၁၀၀ တန်ဆို သိမ်းထားရပါ တယ်။ ဈေးသည်ကလည်း ကျပ် ၁၀၀ ဖိုးလောက် ဝယ်ရုံနဲ့ဆို အကြွေမရှိဘူး ပြောတတ် ကြပါတယ်။ YBS စီးဖို့ကို တချို့ကလည်း ကျပ်၂၀၀ တန်၊ ကျပ် ၁၀၀ တန် တစ်အုပ်စီကို ငွေအပိုပေးပြီး လဲထားတတ်ကြပါတယ်။ အဲဒီတော့ မလိုအပ်ဘဲဝယ်ရ၊ အမ်းနိုင်အောင် ပိုဝယ်ရနဲ့ မကုန်သင့်ဘဲ ကုန်ရတဲ့ အပိုကုန်ငွေတွေဖြစ်လာပါတယ်။
ဦးစားပေးထုတ်ဝေ
အစိုးရသစ်လက်ထက် ဒီ ဇူလိုင် ၁၉ ရက် မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ကျပ် ၅၀၀ တန်ငွေစက္ကူအသစ်ထုတ်မယ်လို့ ဗဟိုဘဏ်ကတရားဝင်ကြေညာထားတာကို တွေ့ရပါပြီ။ နောက်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူအသစ်တွေ ဆက်လက်ထုတ်ဝေသွားဦးမယ်လို့ ကြားသိနေရပါတယ်၊နောက်ဆက်လက်ထုတ်မယ့် အစီအစဉ်မှာငွေကျပ်၂၀၀ တန်၊ ကျပ် ၁၀၀ တန်တွေကို ဦးစားပေးထုတ်ဝေပြီး ပြည်သူလူထုလက်ထဲ များများရောက်သွားရင်တော့ YBS ကတ် မထွက်လာခင် ငွေအကြွေကိစ္စက အများကြီး ပြေလည်သွားမယ်လို့ ထင်မိပါတယ်။
YBS ဖြစ်လာပြီးနောက်မှာ တစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကတ်စနစ်ကို ဦးသာအောင်လို YBS နေ့စဉ် စီးနေတဲ့ခရီးသည်တွေက အမျှော်ကြီး မျှော်နေခဲ့ကြပါပြီ။
ကတ်ကိစ္စနဲ့ပတ်သက်လို့ YBS သုံးနှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ YRTA ဥက္ကဋ္ဌ ဒေါ်နီလာကျော်က “အစိုးရအနေနဲ့ အလုပ် လုပ်တဲ့အခါ အစကောင်းမှ အနှောင်းသေချာ မယ်ဆိုသလို မျက်စိတစ်ဆုံး ကြည့်ရတာ ဖြစ်ပါတယ်။ သေသေချာချာ လုပ်ပြီးမှ ပြည်သူကိုချပြမယ်။ အစိုးရအနေနဲ့က တကယ်အလုပ်လုပ်ရင် မျက်စိတစ်ဆုံး ကြည့်ရတယ်။ မျက်တောင်မွှေးတစ်ဆုံးလောက်ပဲ ကြည့်လို့မရပါဘူး။ ဒီကတ်စနစ်က တစ်သက်လုံးသွားရမယ့်စနစ် ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။
ဒါပေမယ့် အချို့သော သူများက ဆိုထား တာလေးတွေလည်း ရှိနေပါသေးတယ်။ “စက်ဆိုတာ ပျက်တတ်တဲ့သဘောရှိပါတယ်၊နောက်ဒါက အများသုံးပါ။ ယာဉ်သွားနေရင်း အကြောင်းတစ်ခုခုကြောင့် ပျက်သွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး၊ နောက် “တို့ရန်ကုန်မြို့ရဲ့ ခရီးသွားလာမှု ယာဉ်လိုင်းတွေက ရုံးတက်ရုံးဆင်းချိန်ဆို ကား မဆံ့အောင် ရှိတတ်တာလေ။ တစ်ခါတစ်ခါရှေ့ပေါက်က တက်လို့မရလို့ နောက်တံခါးဖွင့်ပြီး တင်နေရတာတွေ ရှိနေတာ။ အဲဒီလို အချိန်ဆို ဒီကတ်ကို တစ်ယောက်ချင်း ဖြတ်နိုင်ပါ့မလား ”ဆိုတဲ့ စေတနာစကားတွေ ကိုလည်း YRTA ကလူကြီးမင်းများ နားစွင့်ဖို့ လိုပါလိမ့်မယ်။
ကတ်နဲ့ပတ်သက်လို့ တင်ဒါအောင်မြင် ထားတဲ့ ကုမ္ပဏီကလည်း အချို့လိုင်းကား အသစ်ကြီးတွေမှာ စက်တွေ တပ်ဆင်လာတာ ကို ကိုဗစ်မတိုင်မီ လပိုင်းလောက်ကတည်းက စတွေ့နေရပါပြီ။ ကားအစီးရေ ၁၆၀၀ ကျော်လောက်အထိ တပ်ဆင်သွားပြီလို့ သိရပါတယ်။ ၈၉ လိုင်းမှာ တပ်ဆင်ထားတာကို တွေ့လိုက် ရတဲ့ ဦးသာအောင်အတွေးက “မကြာမီလာမည်မျှော်လို့ ရုပ်ရှင်ရုံများ ခေတ်ကောင်းစဉ်ကကြော်ငြာလေးတစ်ခုကို သွားမြင်လိုက်ပါ တယ်။ ဖြစ်သင့်တာတော့ ကြာပေါ့လေ၊ ဒါပေ မယ့် သူတို့မှာလည်း သူတို့အခက်အခဲတွေ ရှိနေမှာပေါ့”လို့ ဖြေတွေးလေး တွေးနေခဲ့ပါ တယ်။
ကြိုတင်စမ်းသပ်မှု
စောစောကပြောသလို ဖြစ်ပျက်လာနိုင် မယ့် အချက်တွေကို သိနိုင်ဖို့၊ ပြင်နိုင်ဖို့အတွက် ကြိုတင်စမ်းသပ်မှုတွေ အတော်များများ လုပ်ထားပြီးပြီလို့ သိထားရပါတယ်။
“စမ်းသပ်မှုအပိုင်းကတော့ ရာခိုင်နှုန်း အတော်တော်များများပေါ့နော်။ အောင်မြင် ထားပြီးပါပြီ။ ကတ်တွေရောင်းချပေးနိုင်မယ့် ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပေ မယ့် အလွန်တော့ မကြာတော့ပါဘူး” လို့ တင်ဒါရထားတဲ့ ကုမ္ပဏီဘက် ပြောစကား လည်း ရှိနေပါပြီ။
ဒါ့အပြင်ကတ်စနစ်ကို ခရီးသွားပြည်သူတွေကို မိတ်ဆက်တဲ့အနေနဲ့ ငွေဖြည့်ကတ် ၃၅၀၀၀ လောက်ကို အဓိက ကျောင်းဆရာ ဆရာမတွေ၊ အခြေခံဝန်ထမ်းတွေနဲ့ လူစည် ကားရာ နေရာတွေမှာ အခမဲ့ဝေငှသွားမယ်လို့ သိထားရပါတယ်။
ဒါဆို YBS စပြီး နောက်ပိုင်းစီစဉ်မှုတွေက အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ ရတဲ့ YBS ကတ်က မျှော်သာမျှော်သည် မပေါ်လာနိုင်သေးပေမယ့် ဦးသာအောင် အတွေးလိုပ “မကြာမီလာမည်မျှော်” လို့တော့ ဧကန်မုချ ဆိုနိုင်ပါပြီ။ ။
မြန်မာ့အလင်း ယနေ့ရန်ကုန်


