နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၌ ဖွံ့ဖြိုးတိုးတက်စေရန်မှာ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးသည် အဓိကကျ သော အခန်းကဏ္ဍမှ ပါဝင်နေသည်။ လက်ရှိအစိုးရ အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး၌ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အရေးကြီးဒေသများကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် ဦးစားပေးအလိုက် ဆောင်ရွက်နေသည်။ လမ်းပန်းဆက်သွယ်ရေးဆိုရာတွင် စံချိန်စံညွှန်းနှင့်အညီအဆင့်မြင့် လမ်း၊ တံတားများကို ခင်းကျင်းဆောက်လုပ်ပေးနေသည်မှာလည်း တွေ့မြင်ကြ ရပေမည်။
မြို့တွင်းလမ်းများ၊ တစ်မြို့နှင့်တစ်မြို့ဆက်သွယ်သော လမ်းနှင့် တံတားများ၊ ကျေးရွာအချင်းချင်း ဆက်သွယ်သော လမ်းနှင့်တံတားများကို ဆောင်ရွက်ပေးနေခြင်းအားဖြင့် ပြည်သူများအနေဖြင့် သွားလမ်းသာ၍ လာလမ်းဖြောင့်နေ ကြပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသော လမ်း၊ တံတားများထဲမှ စာရေးသူ အမြဲတမ်းသွားလာ နေထိုင်ခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ် လမ်းနှင့်ပတ်သက်၍ ရေးသားတင်ပြလိုပါသည်။
၁၉၈၃ မှ ၁၉၉၂ ခုနှစ်အထိ လမ်းအခြေအနေ
လားရှိုးနှင့် မူဆယ်လမ်းသည် အရှည် ၁၀၈ မိုင်ခန့် ရှိပြီး လားရှိုးမှ မူဆယ်သို့ သွားရောက်မည်ဆိုလျှင် သိန္နီမြို့၊ ကွတ်ခိုင်မြို့နှင့် ၁၀၅ မိုင်(မိုင်းယု)ကိုဖြတ်၍ သွားလာရ သည်။ ယနေ့ စည်ပင်တိုးတက် ဖွံ့ဖြိုးနေသော မူဆယ်သည် ယခင်က မူဆယ်နှင့် လုံးဝ ကွဲပြားခြားနား နေ၏။ နယ်စပ်ကုန်သွယ်ရေးဇုန်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ထုတ်ကုန်သွင်းကုန်နေရာဖြစ်သော ၁၀၅ မိုင် (မိုင်းယု)သည် ယခင်က ရွာငယ်လေးတစ်ရွာမျှသာ ဖြစ် သည်။ အဆိုပါဒေသများသို့ စာရေးသူ ၁၉၈၃ ခုနှစ်က စတင်ရောက်ရှိခဲ့သည်။ ထိုစဉ်က မိုးဒဏ်၊ လေဒဏ်နှင့် တောင်ကျရေ တိုက်စားမှုတို့ကြောင့် ယာဉ်သွားလမ်းသည် ပျက်စီးနေသည်။ လမ်းတစ်လျှောက် တောင်ကမ်းပါးယံကို ဖောက်လုပ်ထား၍ အကွေ့အကောက်တောင်ဆင်း တောင် တက်များနှင့် သွားလာရသည်။ အချို့နေရာများဆိုလျှင် တောင်ကို ခပ်မတ်မတ်ကွေ့ပြီး တက်ရ ခြင်း၊ လမ်းဆိုးခြင်း ကြောင့် ယာဉ်မောင်းသူများအတွက် အလွန် အန္တရာယ် များလှသည်။ ကားလမ်းမှာ ချိုင့်များ၊ ခွက်များ၊ ကတ္တရာ ပင်မကျန် ကျောက်တုံးများပေါ်နေသော နေရာများဖြင့် သွားလာရသည်မှာ အဆင်ပြေချောမွေ့မှု မရှိလှပေ။ အချို့လမ်းပိုင်းများတွင် မြင့်မားမတ်စောက်သော တောင်စောင်း၌ ဖောက်လုပ်ထားရာ လမ်းဘေးကပ် လျက် တောင်ပေါ်မှကျလာသော ရေတိုက်စားမှုကြောင့် တောင်နှင့် ကားလမ်းကြား ကြီးမားသော အက်ကြောင်းသဖွယ် နက်ရှိုင်းသော ရေစီးမြောင်း ဖြစ်ပေါ်လာသည်။ လမ်း၏အခြားတစ်ဖက်တွင် အလွန်မတ်စောက်နက်ရှိုင်းသော ချောက်ကမ်းပါးရှိပြီး တောင်ကမ်းပါးဘက် စောင်းလိုက်၊ တောင်နံရံဘက်စောင်းလိုက် အသည်းတယားယား ဘုရားတပြီး လိုက်ပါရသည်။ ယာဉ်မောင်းသူများမှာလည်း သတိထား မောင်းနှင်ကြရသည်။ တောင်နှင့် လမ်းကြားမှ အက်ကြောင်းကြီးများကြောင့် စောင်းနေသောလမ်းမှာ ချောက်ကမ်းပါးထဲ ပြုတ်ကျမယောင် ထင်ရသည်။ ခရီးသွားများ၊ ယာဉ်မောင်းသူများအတွက်သွားလာရေး အဆင်မပြေသော်လည်း ဌာနဆိုင်ရာများမှာ တာဝန်အရလည်းကောင်း၊ စီးပွားရေးလုပ်ကိုင်သူများမှာမိမိတို့၏ စီးပွားရေးအတွက် လည်းကောင်း၊ လူထုလူတန်းစားအသီးသီးမှာ မိမိတို့နှင့်ဆိုင်ရာ ကိစ္စများကြောင့်လည်းကောင်း လမ်း မကောင်းသော်လည်း သွားလာနေကြရသည်။
ထိုစဉ်က လူစီးကားအဖြစ် ဟိုင်းလပ်၊ ဒိုင်နာ၊ GMC၊ ဂျစ်ကားများနှင့် ကုန်တင်ယာဉ်များသာ မောင်းနှင် သွားလာကြသည်။ လားရှိုးနှင့် မူဆယ်ကို နေ့ချင်းပေါက် သွားလာနိုင်ခြင်း မရှိပေ။ လမ်းတွင် တစ်ညအိပ်၊ တစ်ခါတစ်ရံ နှစ်ညအိပ် ရပ်နားပြီး သွားလာခဲ့ရသည်။
နမ့်ခိုင်တံတားနှင့် ၁၀ မိုင်ခန့်ဝေးသော နမ့်ဖတ်ကာ သို့သွားလျှင် ရင်ခွဲတောင်ဟုခေါ်သော တောင်နှစ်လုံးကြား ဝန်းကျင်ရှိ အချို့သော လမ်းအပိုင်းနေရာများ၌ မိုးရာသီ ကာလများတွင် ရွှံ့ဗွက်များ၊ ချိုင့်ခွက်ကြီးများ ဖြစ်နေကာ ယာဉ်ငယ်များ သွားလာ၍မရအောင် ဖြစ်နေသည်။ ထိုအခါယာဉ်ငယ်များမှာ ရွာလမ်းများ၊ တောင်ပတ် လမ်းသွယ်များကို ကွေ့ပတ်မောင်းနှင်ကြရသည်။ ထို့အတူ နမ့်ဖတ်ကာနှင့် နမ့်ပေါ်တံတားသွားရာ နမ့်အွန်ရွာအနီးလမ်း သည်လည်း ရွှံ့နွံဗွက်များဖြစ်နေပြီး သွားလာရေးတွင် လုံးဝ အဆင်မပြေ ဖြစ်ကြရသည်။
လားရှိုး-ကွတ်ခိုင် လမ်းပိုင်းတွင်မူ ကောင်းသည်ဟု မဆိုသာသော်လည်း အသင့်အတင့် ကောင်းမွန်သဖြင့် သွားလာရေးအခက်အခဲ သိပ်မရှိလှပေ။ ကွတ်ခိုင်အနီးရှိ လွယ်ဆမ်စစ်တောင်၏ အတက်အဆင်း၌ အကွေ့အကောက်များဖြင့် တက်ဆင်းရခြင်းဖြစ်ရာ လမ်းကျဉ်းမြောင်းခြင်း၊ မညီညာခြင်းတို့ကြောင့် သတိဖြင့် မောင်းနှင်သွားလာကြရသည်။ ထိုစဉ်က မူဆယ်နှင့် ၁၀၅ မိုင်သည် လမ်းပန်း ဆက်သွယ်ရေး အဆင်မပြေမှုကြောင့် သာမန်မြို့၊ ရွာများ အဖြစ်သာ မြင်တွေ့ကြရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ပျက်စီးနေသောလမ်းကို ရိုးရိုးကတ္တရာလမ်းအဖြစ် သာ ပြုပြင်ခဲ့သဖြင့် ကြာရှည်ခိုင်ခံ့မှု မရှိပေ။ ဤသည်ကား စာရေးသူ ဤဒေသကို စတင်ရောက်ရှိ တာဝန်ထမ်းဆောင် ခဲ့သည့် ၁၉၈၃ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ အခြေအနေများပင် ဖြစ်သည်။
၁၉၉၂ ခုနှစ် နောက်ပိုင်းကာလ
၁၉၉၂ ခုနှစ် နောက်ပိုင်းကာလတွင် နိုင်ငံတော်အစိုးရ နှင့်အေးရှားဝေါလ်ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆို၍ ဆောင်ရွက်မှုကြောင့် လမ်းကိုမြေညှိပြီး ကတ္တရာလမ်းခင်း ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် အဆင့်မြင့်ကတ္တရာလမ်း မဟုတ်ခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ သွားလာမှု များလာသောအခါ လမ်းပိုင်းအချို့ ပြန်လည်ပျက်စီးသွား ခြင်း၊ လမ်းများ ချိုင့်ဝင်ခြင်းများဖြစ်ကာ သွားရေးလာရေး အဆင်မပြေ ဖြစ်ရပြန်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်ကူးသန်းရန် သွားလာရသော အဓိကလမ်းမကြီး ဖြစ်၍ နေ့စဉ် ရာထောင်များစွာသော ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာကြသဖြင့် ကုန်တင်ယာဉ်များနှင့် လမ်း၏ခံနိုင်ဝန် မမျှဘဲ ပျက်စီးခဲ့ရသည်။
အေးရှားဝေါလ်ကုမ္ပဏီက ဆောင်ရွက်ခဲ့သောလမ်းမှာ အကျယ် ၂၄ ပေရှိ နှစ်လမ်းမောင်း ရိုးရိုးကတ္တရာလမ်း ဖြစ် သည်။ လားရှိုး၊ သိန္နီ၊ နမ့်ခိုင်၊ နမ့်ပေါ် တံတားကြီးများမှာ ယခင်က သံပေါင်တံတားများသာဖြစ်ရာမှ အေးရှားဝေါလ် ကုမ္ပဏီ တာဝန်ယူခဲ့စဉ် ထိုတံတားကြီးများ အပါအဝင် လမ်းတစ်လျှောက်ရှိ တံတားငယ်များကို သံကူကွန်ကရစ် အဖြစ် အဆင့်မြှင့် ဆောက်လုပ်ခဲ့သည်။
မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ ပို့ကုန်များနှင့် တရုတ် နိုင်ငံမှ မြန်မာဘက်သို့ သွင်းကုန်များကို တင်ဆောင်လာ ကြသော ကုန်တင်ယာဉ်များနှင့်အတူ ခရီးသည်တင်ယာဉ် များ၊ ကိုယ်ပိုင်ယာဉ်ငယ်များ နေ့စဉ် အစီးရေများပြားစွာ ဖြတ်သန်းသွားလာကြရာ လမ်းနှင့် တံတားမှာ ၂၄ ပေသာ ရှိသော နှစ်လမ်းမောင်းဖြစ်ခြင်းနှင့် သာမန် ကတ္တရာလမ်း ဖြစ်ခြင်းကြောင့် ဝန်အားမမျှတဘဲ လမ်းပျက်ခြင်းဖြစ်ကာ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့ရသလို ကုန်သည်နှင့် စီးပွားရေးလုပ်ငန်းရှင်များမှာလည်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ကြရသည်။
၁၉၈၃ မှ ၁၉၉၅ အတွင်းအခြေအနေနှင့် ၁၉၉၅ မှ ၂၀၁၅ အတွင်း ကွာခြားမှု
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စာရေးသူ ၁၉၈၃ ခုနှစ် ဩဂုတ် ၁၅ ရက်က စတင်ရောက်ခဲ့စဉ်က နိဒါန်းပိုင်းတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ဤလမ်းမှာ သွားလာရေး ခက်ခဲခဲ့သည်။ မိုးရာသီတွင် ပျက်စီးနေသော အချို့လမ်းပိုင်း များ၌ ရွှံ့နွံများဖြစ်နေ၍ နီးစပ်ရာတောထဲမှ သစ်တုံးများ ခုတ်ပြီး ခင်းကာ ဖြတ်သန်းကြရသည်။ သစ်တုံးများခင်း၍ ဖြတ်မရလျှင် တောလမ်း၊ တောင်လမ်း၊ ရွာလမ်းများကို ကွေ့ပတ်မောင်းနှင် ဖြတ်သန်းသွားလာရသည့် အခါမျိုး လည်း ရှိခဲ့သည်။ လားရှိုးကို နေ့ချင်းပေါက် မသွားနိုင်ဘဲ လမ်းတစ်လျှောက် ကြုံသည့်ရွာ၊ ကြုံသည့်နေရာများတွင် ညအိပ်နားကြရသည်။ ခရီးဆုံးသို့ရောက်သောအခါ ယာဉ်များမှာ ကျွဲလူးအိုင်ထဲမှ ထွက်လာသော ကျွဲကဲ့သို့ပင်။ တစ်စီးလုံး ရွှံ့အလူးလူး ပေကျံနေလေသည်။ ဆောင်းနှင့် နွေရာသီ သွားလာကြရာတွင် မိုးရာသီကဲ့သို့ ရွှံ့နွံဗွက်များ မရှိသော်လည်း ချိုင့်၊ ခွက်ကြီးများ ရှိမြဲရှိနေပြီး ရွှံ့ဗွက်များ ခြောက်သွေ့လာကာ ဖုန်မှုန့်များဖြစ်လာသည်။ ဖြတ်သန်း သွားလာသော ယာဉ်ကြီး၊ ယာဉ်ငယ်များမှာ ချိုင့်ထဲဖြတ်ရင်း ဖုန်တထောင်းထောင်းဖြင့် မောင်းကြရသလို လိုက်ပါရသူ ခရီးသည်များမှာလည်း ခေါင်းမြီးခြုံပြီး ဖုန်ကို ကာကွယ်ကြရသည်။ မျက်နှာကို မကာကွယ်နိုင်ကြသော ခရီးသွား များမှာ မျက်နှာတစ်ခုလုံး ဖုန်မှုန့်များကပ်နေကာ လူရုပ်ကိုပင် မှတ်မိရန် ခက်ခဲလှသည်။ မိုးရာသီတွင် ရွှံ့ဗွက်နှင့် ချိုင့်ခွက်ကို ဖြတ်မောင်းရ၊ ဆောင်းနှင့်နွေတွင် ဖုန်မှုန့် တောထဲသွားလာရသော ယာဉ်များနှင့် ခရီးသည်တို့၏ ဒုက္ခကား မသေးလှပေ။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ပြီး လမ်း၊ တံတားများ ကို ပြုပြင်ခဲ့မှုကြောင့် ရွှံ့နွံများအတွင်း မောင်းနှင်ရမှု၊ ဖုန်မှုန့် တထောင်းထောင်းအတွင်း သွားလာရမှုမှ ကင်းဝေးပြီး ၂၄ ပေရှိ နှစ်လမ်းမောင်း ကတ္တရာလမ်းတွင် သွားလာရသဖြင့် အဆင်ပြေလာသည်။ လမ်းကြေးကောက်ခံသည့် ဂိတ်များထားရှိပြီး လမ်းများ ပျက်စီးမှုမရှိစေရန် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းကိုလည်း ဆောင်ရွက်ကြသည်။ လမ်း၊ တံတားများကို အဆင့်မြှင့်တင် တည်ဆောက်ပြီး ကာစတွင် သွားလာမှုများခြင်းမရှိဘဲ လမ်းအနေအထား နှင့် ယာဉ်အချိုး ညီနေသဖြင့် အဆင်ပြေလေသည်။
သို့သော်လည်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး၏ အဓိကနေရာဖြစ်သော မူဆယ် ၁၀၅ မိုင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရာလမ်းသည် မူဆယ်-လားရှိုးလမ်း ဖြစ်နေသည်။ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ မူဆယ် ၁၀၅ မိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်လာသည်။ တစ်နိုင်ငံလုံးရှိ ကုန်သွယ်ရေးဇုန်များထဲတွင် အခွန်ငွေအများဆုံးရရှိသော ကုန်သွယ်ရေးဇုန် တစ်ခုလည်း ဖြစ်သည်။ ကုန်သွယ်ရေးအတွက်သွားလာသော ကုန်တင်ယာဉ်ကြီးများ တစ်နေ့တခြား များပြားလာသည်။ ဖွံ့ဖြိုးတိုးတက်လာသော နယ်စပ်ဒေသဖြစ်၍ ရောင်းဝယ်ဖောက်ကား သွားလာကြသူများ၊ တရုတ်နိုင်ငံ ရွှေလီ၊ ကြယ်ဂေါင် မြို့များသို့ လည်ပတ်သွားလာကြသူများဖြင့် ခရီးသည် ပို့ဆောင်ရေးယာဉ်ငယ်များ၊ မှန်လုံ (Express)ယာဉ်ကြီးများ၊ ကိုယ်ပိုင်ယာဉ်များ ဖြတ်သန်း သွားလာမှုလည်း တစ်နေ့ထက်တစ်နေ့ များပြားလာသည်။
သို့ဖြစ်၍ တစ်ခါတစ်ရံ ကုန်တင်ယာဉ်ကြီးများ လမ်းတွင် ချို့ယွင်းပါက ယာဉ်ကြောပိတ်ဆို့မှုဖြစ်ကာ အတက် အဆင်း ယာဉ်ကြောနှစ်ဖက် ရှောင်တိမ်းမရဘဲ ပိတ်ဆို့မှုဖြစ်ကြရသည်။ ၂၄ ပေမျှသာရှိသော လမ်းပေါ်တွင် ယာဉ်များ ရပ်တန့်စောင့်ဆိုင်းကြရပြီး ခရီးသည်များမှာလည်း ခရီးမတွင် ဖြစ်ကြရသည်။ အရေးကြီးကိစ္စဖြင့် သွားလာကြသူများ အခက်ကြုံကြရသည်။ ၂၀၁၅ ခုနှစ် အထိ မောဝ်ရှမ်းမြေ ဒေသသည် တောင်စွယ်တောင်တန်း နှင့် စိမ်းလန်းလှပသော သဘာဝရှုခင်းများဖြင့် လှပနေသော်လည်း သွားလမ်းလည်း မသာ၊ လာလမ်းလည်း မဖြောင့် ဖြစ်နေသောအခါ အကျည်းတန်သယောင် ရှိနေသည်။ သဘာဝအလှများသည်လည်း ကွယ်ပျောက်နေ သကဲ့သို့ပင် ထင်ရသည်။
၂၀၁၅ ခုနှစ်မှစပြီး လမ်းတည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေးကို Oriental Highway ကုမ္ပဏီက ပြန်လည် လွှဲပြောင်းတာဝန်ယူခဲ့သည်။ လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှာပင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Orie- ntal Highway ကုမ္ပဏီတို့ BOT စနစ်ဖြင့် သဘောတူ စာချုပ် ချုပ်ဆိုပြီး နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းပြည့်မီသော လေးလမ်းသွား နိုင်လွန်ကတ္တရာ(AC)လမ်းအဖြစ် စတင် ဆောင်ရွက်ခဲ့သည်။ မြေသား၏ ခံနိုင်ဝန်အားကို ခေတ်မီစမ်းသပ်စက်ဖြင့် စမ်းသပ်၍ လိုအပ်သလို တူးထုတ်ခြင်း၊ ခေတ်မီယန္တရားစက်များဖြင့် ကျောက် တုံးကျောက်ခဲ အရွယ်အစားအလိုက် ခင်းခြင်း၊ Stablize ကို လိုအပ်သော ထုထည်ခင်းခြင်း၊ နိုင်လွန်ကတ္တရာလောင်းခြင်း အပါအဝင် စံချိန်စံညွှန်း ကိုက်ညီသော နိုင်လွန်ကတ္တရာ လေးလမ်းသွားလမ်းကို စီမံကိန်းမန်နေဂျာ၏ ကွပ်ကဲမှု ဖြင့် ကျွမ်းကျင်သော အင်ဂျင်နီယာကြီးများကိုယ်တိုင် ကြီးကြပ်ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။ ယခု ဤဆောင်းပါးကို ရေးနေချိန်တွင် လားရှိုးနှင့်သိန္နီမြို့ကြား ၌မိုင် ၂၀ ဝန်းကျင်ခန့်သာဆောင်ရွက်ရန် ကျန်ရှိနေသည်။
၂၀၁၆ ခုနှစ်မှ ယနေ့အထိ အခြေအနေ
၂၀၁၆ ခုနှစ်မှစ၍ Oriental Highway ကုမ္ပဏီက အကျယ် ၄၈ ပေရှိ နိုင်လွန်ကတ္တရာလမ်းကို ဆောင်ရွက် ရာတွင် ခေတ်မီစက်ယန္တရားများ၊ လူအားများ ဖြည့်တင်း ၍ ဆောင်ရွက်ခဲ့ကြသဖြင့် အဆင့်မြင့် နိုင်လွန်ကတ္တရာ လမ်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် သွားလာမောင်းနှင်ကြသူများ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားကြသည်။ လေးလမ်းသွား ဖြစ်သည်နှင့်အညီ ယာဉ်ကြောတစ်ဖက်စီတွင် အတက်အဆင်း ယာဉ်နှစ်စီး ယှဉ်မောင်းနိုင်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ကြုံတွေ့ရခြင်းလည်း မရှိတော့ပေ။
‘‘ ကျွန်တော်တို့ စလုပ်တုန်းကတော့ လမ်းနဲ့မလွတ်တဲ့ အိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်၊ မြေရှင်တွေက သိပ်မကြည်ဖြူကြဘူး၊။ ၁၀၅ မိုင် မရောက်ခင်ရွာဖြစ်တဲ့ မော်တောင်းရွာထဲဆိုရင် တစ်ဝက်တစ်ပျက်ပဲခင်းပြီး ကျော်သွားရတယ်။ တာလုံရွာ ခင်းပြီး နိုင်လွန်ကတ္တရာလမ်းမကြီးကို တွေ့တော့မှ သူတို့ ရွာကိုလည်း ခင်းပါဆိုပြီး ပြန်တောင်းဆိုတယ်။ စပြီးလုပ်တုန်းက ဒီအခက် အခဲလိုမျိုး တော်တော်ကြုံခဲ့ရတယ်။ ဒီနောက် ပိုင်းမှာတော့ အတော်အဆင်ပြေတယ်။ ယာဉ်ဖြတ်သန်းခနှုန်းထားက ဟိုအရင် အေးရှား ဝေါလ်လက်ထက်က နှုန်းထားအတိုင်း ကောက်ခံနေပါတယ်။ ကျွန်တော်တို့ရဲ့ ရင်းနှီး မြှုပ်နှံမှုက ၂၀၁၈-၂၀၁၉ ကဆိုရင် တစ်မိုင်ကို ၁ ဒသမ ၅ ဘီလီယံ ကုန်ကျပြီး ဒီနောက်ပိုင်း မှာတော့ တစ်မိုင်ကို ၁ ဒသမ ၈ ဘီလီယံလောက် ကုန်ကျမှု ပိုများလာတယ်။ ရင်းနှီးမြှုပ်နှံမှုက တက်လာပေမယ့် ဝင်ငွေကတော့ တိုးတက် မလာဘူး ဖြစ်နေတယ်။ ပြီးသွားတဲ့ လမ်းပိုင်း အတွက် ယာဉ်ဖြတ်သန်းခ တိုးကောက်ချင်ပေ မယ့် လတ်တလောအခြေအနေအရ နိုင်ငံတော် အစိုးရက ခွင့်မပြုသေးတော့ တိုးကောက်လို့ မရသေးဘူး’’ ဟု နမ့်ခိုင်တံတားမှ မူဆယ်-နမ့်ခမ်းလမ်းအပိုင်း တာဝန်ယူသော စီမံကိန်း မန်နေဂျာ ဦးမျိုးအောင်က ပြောကြားသည်။ မူဆယ်-နမ့်ခမ်းလမ်းကိုလည်း နှစ်လမ်းမောင်း ကွန်ကရစ်လမ်းအဖြစ် ခြောက်မိုင်ခွဲ ခင်းလက်စနှင့် ဆောင်ရွက်လျက်ရှိသည်။ မိုးရာသီကာလ ဖြစ်ခြင်း၊ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလာ၍ အလုပ်သမား အခက်အခဲရှိခြင်းတို့ကြောင့် လတ်တလောတွင် လုပ်ငန်းကို ခေတ္တရပ်ဆိုင်း ထားရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်မှ ယနေ့တိုင် ၃၅ နှစ်ခန့်ကြာသော အချိန်ကာလအတွင်း သွားလာရေးမှာ အခက်အခဲမျိုးစုံနှင့် အဆင်မပြေကြသော အဖြစ်အပျက်များစွာ ရှိခဲ့သည်။ သို့သော် လည်း ရပ်တည်မှုအမျိုးမျိုးနှင့် ဝမ်းရေးအတွက်၊ တာဝန်အတွက် လှုပ်ရှား သွားလာကြရသည်များ ရှိနေသောကြောင့် မဖြစ်မနေ သွားလာနေကြရသည်။ လမ်းဆိုးသည်၊ ကောင်းသည် ဂရုမပြုနိုင်ဘဲ လိုရာခရီး ရောက်ရန်သာ အဓိကဖြစ်နေခဲ့သည်။
ဤသို့သော သွားလာရေး အခက်အခဲများနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသည့် ပြဿနာ စသည့် အများပြည်သူတို့၏ အခက်အခဲကို လက်ရှိ နိုင်ငံတော်အစိုးရက ရှုမြင်သုံးသပ်ကာ Oriental Highway ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုအခါ လမ်းပန်း ဆက်သွယ်ရေးမှာ အဆင်ပြေချောမွေ့လာခဲ့သည်။
မောဝ်ရှမ်းမြေသည် ပြာရီညိုမှိုင်းသော တောင်တန်း အလှများဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမည်သို့ပင် ပြောင်းလဲစေကာမူ လှပနေမြဲ ဖြစ်သည်။ “အလှတွင် အယဉ်ဆင့်’’ ဆိုသကဲ့သို့ မောဝ်ရှမ်းမြေ၏ အလှနှင့်အတူ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းကြီးကို တင့်တယ်စွာ မြင်ရသည်မှာ “မောဝ်ရှမ်းဌာနေမှာဖြင့် ရှုခင်းတွေသာ လမ်းလည်းသာပြီ’’ ဟု ဆိုနိုင်ပြီ ဖြစ်ပေသည်။ ။
ဉာဏ်မင်း(နမ့်ခမ်း)


