နေပြည်တော်  ၆ မေ 

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း Country Report ထုတ်ပြန်နိုင်ရေး (Meeting on Myanmar’s Country Review Report for UNCAC Implementation Review Cycle 2) အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC)ကို ၂၀ဝ၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄  ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းတွင် ထိုင်းနှင့် ဘူရွန်ဒီနိုင်ငံတို့က မြန်မာနိုင်ငံအပေါ် သုံးသပ်မှုဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တိုဂိုနိုင်ငံနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအား သုံးသပ်ခဲ့ပါကြောင်း၊ ပထမအကြိမ် သုံးသပ်ရေးလုပ်ငန်းစဉ် အကြံပြုချက်များအပေါ် အလေးထားပြီး လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

 

ဒုတိယစက်ဝန်းတွင် ကွန်ဗင်းရှင်းပါ တားဆီးကာကွယ်ရေး ဆောင်ရွက်မှုများနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူခြင်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ကွန်ဗင်းရှင်းပြဋ္ဌာန်း ချက်များအပေါ်လိုက်နာ ဆောင်ရွက်ခြင်းကို သုံးသပ်ရန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် ပတ်သက်ပြီး အသိပညာ ပေးခြင်း၊ ဟောပြောပို့ချခြင်း၊ အသိပညာပေး ရုပ်သံဇာတ်လမ်းတိုများ၊  သတင်းထုတ်ပြန်ခြင်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကျင့်ဝတ်အား ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး မဟာဗျူဟာစီမံကိန်း ၂၀၁၈-၂၀၂၁ ကိုချမှတ်ပြီး နှစ်အလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ Political Will အဖြစ် ဆောင်ရွက်ခြင်းကို ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ (CPU) စတင်ဖွဲ့စည်းဆောင်ရွက်နေခြင်းကို ကျေနပ်အားရဖွယ် မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း။

 

ပြည်တွင်း၌ သာမကနိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ၊ ဒေသဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်း၍ အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ Country Review Report အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် ပထမစက်ဝန်းတွင် ပေါင်းစည်းဆောင်ရွက်ခဲ့ကြသည့်နည်းတူ ဒုတိယစက်ဝန်းတွင်လည်း ဆက်လက်၍ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ United Nations Office on Drugs and Crime (UNODC) Country Office မှ ကိုယ်စားလှယ် Ms. Marie Pegie Cauchois နှင့်  (UNODC) ရုံးချုပ်မှ ကိုယ်စားလှယ် Mr. Jason Reichelt တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း Country Report ထုတ်ပြန်နိုင်ရေးအတွက် ဆွေးနွေးကြပြီး အစည်းအဝေးကို မေလ (၈)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းထွန်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း၊ UNODCမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)

 

age 59622