မြေမီးဖုတ်မြေထည်ရုပ်ကြွယဉ်ကျေးမှုထွန်းကားခဲ့ရာ ပျူမြို့ဟောင်းသရေခေတ္တရာ

 

 

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

 

သရေခေတ္တရာမြို့ဟောင်းသည် ပျူလူမျိုးတို့၏ စိတ်ကူးယဉ်ဆန်သော ဒဏ္ဍာရီလာဇာတ်လမ်းများ၊ ပါးစပ်ရာဇဝင်များဖြင့် ပြည့်နှက်နေသော မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ သမိုင်းအစဉ်အလာကြီးမားပြီး အေဒီ၂ ရာစုမှ ၉ ရာစုနှစ်များအတွင်း ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ကြွင်းချန်ထားခဲ့နိုင်သော မြို့တစ်မြို့ ဖြစ်သည်။ ပျူမြို့ဟောင်းတို့တွင်  အကြီးဆုံးနှင့် ခမ်းနားစွာ တည်ဆောက်ထားသော သရေခေတ္တရာမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ရှိ နဝင်းမြစ်ဝှမ်းတွင်တည်ရှိသည်။ မြို့ရိုးပုံသဏ္ဌာန်သည် ခပ်ဝိုင်းဝိုင်းဖြစ်ပြီး တောင်မြောက်အချင်း ၄ ဒသမ ၄၄ ကီလိုမီတာ၊ အရှေ့ အနောက်အချင်း ၃ ဒသမ ၉၆ ကီလိုမီတာကျယ်ဝန်းသည်။ မြို့ကိုကြီးမားသော အုတ်မြို့ရိုးကြီးဖြင့် ကာရံထားကာ မြို့၏အဝန်းအရှည် ၁၃၆၈ ကီလိုမီတာ ရှည်လျားပြီး မြို့၏အရှေ့တောင်ဘက်တွင် မြို့ရိုးသုံးထပ် ကာရံထားသည်။ သရေခေတ္တရာမြို့ရိုးများသည် ကောင်းစွာကျန်ရှိနေကြပြီး အချို့နေရာတွင် ထုထည်ကြီးမားသော မြို့ရိုးတို့မှာ ၄ ဒသမ ၆ မီတာခန့်မြင့်သည်။ သရေခေတ္တရာသည် နဝင်းမြစ်ဝှမ်း၏ အနောက် တောင်ဘက်အစွန်၌ တည်ရှိကာ ကီလိုမီတာ ၃၀၀၀  ပတ်လည်ခန့်ရှိ မြေဩဇာကောင်းမွန်သော နုန်းတင်မြေနု စိုက်ပျိုးရန်မြေလည်းရှိသည်။

 

တိုးတက်

 

မြို့ရိုးကာရံထားသော သရေခေတ္တရာသည် မြင်ဗာဟုတောင်တန်းနှင့် သဲကုန်းအကြားတွင် တည်ရှိသော အုတ်ရိုးများ၊ ရှေးဟောင်း ပစ္စည်းများက အဆိုပါလမ်းကြောင်းကို ပျူခေတ်က အသုံးပြုခဲ့ကြောင်း သက်သေခံလျက်ရှိသည်။ မြို့ဧရိယာ ၁၈၄၀ ဟက်တာ ကျယ်ဝန်းသော သရေခေတ္တရာသည် ပြည်မြို့အရှေ့ဘက် ၅ ဒသမ ၈ ကီလိုမီတာအကွာ၌ တည်ရှိသည်။ ဤဒေသကို တောင်ပိုင်းရှိ စိုစွတ်သောဒေသနှင့် အထက်မြန်မာပြည် အပူပိုင်းဒေသအကြားတွင်ရှိရာ မြေလတ်ဒေသဟု ခေါ်ဝေါ် ခဲ့ကြသည်။ ပျူမြို့ဟောင်း သုံးမြို့လုံးတွင် စိုက်ပျိုးရေးတိုးတက်ဖြစ်ထွန်းခြင်းမှာ ရေလှောင်တမံများ၊ ရေကန်များ၊   ဆည်များ များပြားစွာ တည်ဆောက်နိုင်မှုကြောင့် ဖြစ်သည်။ အထူးသဖြင့် သရေခေတ္တရာမှာ နှစ်စဉ်မိုးရေများစွာရရှိပြီး မြေမျက်နှာပြင်မှာလည်း မြင့်ရာမှနိမ့်သွားသော ကုန်းကျော၌ တည်ရှိသည်။ နှစ်စဉ်  မြင်ဗာဟုတောင်တန်းမှ စီးဆင်းလာသော မိုးရေများသည် လူနေဒေသနှင့် စိုက်ပျိုးမြေများသို့ စီးဝင်လာရာ  ထိုရေတို့ကို ထိန်းသိမ်းသိုလှောင်ရန်  ကျုံးများ၊ ရေကန်များ၊ ရေမြောင်းများကို  မြို့၏အနောက်တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးအပိုင်းတွင် ဆောက်လုပ်ခဲ့ကြသည်။ ဤရေလှောင်ကန်များသည် စက်ဝိုင်းပြတ်ပုံသဏ္ဌာန်များ ဖြစ်ကြသော်လည်း အများအပြား ဆက်သွားသောအခါ  ဗဟိုတူစက်ဝိုင်းများသဖွယ်  ဖြစ်သွားသည်။ အရှေ့ဘက်ခြမ်းရှိ ရေကန်ကြီးမှာ မြို့ဟောင်း၏ အနိမ်ဆုံးအပိုင်းတွင် ရေသိုလှောင်ရာ ရေကန်ကြီးတစ်ခုဖြစ်သည်။ ရှေးဟောင်း သုတေသနလေ့လာမှု အထောက်အထားများအရ ပျူတို့ နှစ်ပေါင်း ၁၀၀၀ ကျော်က ဖန်တီးခဲ့သော မြေခင်းရှုမြင်ကွင်းပုံသဏ္ဌာန် မြို့ပြ၏ မူရင်းတည်နေရာနှင့် ပုံသဏ္ဌာန်တို့မှာ မူရင်းလက်ရာအတိုင်း မပြောင်းလဲဘဲ တည်ရှိခဲ့ကြောင်း တူးဖော်တွေ့ရှိသော ဝတ္ထုပစ္စည်း အ‌ထောက်အထားများက ဖော်ပြလျက်ရှိကြသည်။

 

ရွှေပေလွှာတို့အပေါ်၌ ဗုဒ္ဓစာပေများ ရေးသားထား

 

သရေခေတ္တရာတွင် ပျူတို့သည် ကျောက်ပြားစာများ၊ ပလ္လင်စာများ၊ အိုးစာများ၊ အုတ်ချပ်စာများ စသည်ဖြင့် မှတ်တမ်းတင်ခြင်း အလေ့တွင် အထွတ်အထိပ်ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ရွှေပေလွှာတို့ အပေါ်၌ ဗုဒ္ဓစာပေများကို ရေးသားထားခဲ့ကြသည်အထိ ယဉ်ကျေးမှု မြင့်မားခဲ့ကြသည်။ မြို့ဝင်ပေါက်များတွင် သုတ္တန်ဒေသနာတို့ကို ကျောက်ပြားပေါ်၌ ရေးထိုးစိုက်ထူထားသည်အထိ ဘာသာရေး အစောင့်အရှောက်အစီအမံများ ပြုလုပ်ခဲ့သည်။ သရေ‌ခေတ္တရာ မြို့ဟောင်းကို ၁၈၈၀ ပြည့်နှစ်ကတည်းက ကွင်းဆင်းသုတေသနပြု ခဲ့သူမှာ ပထမဆုံး ရှေးဟောင်းသုတေသန တာဝန်ခံ ဒေါက်တာ အီဖိုးချမ်းမား(E.Forchammer)ဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေ (Leon De Beylie) နှင့် ကျောက်စာဝန် မစ္စတာတော်စိန်ခိုတို့ ပူးပေါင်းပြီး ရှေးဟောင်းသုတေသနလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဦးလူဖေဝင်းနှင့် မွန်စီယာဒူရွိုင်ဇယ်(Monsiear Duroiselle) စသည့် ပုဂ္ဂိုလ်များက ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

 

ပျူခေတ်ကာလ၏ အနုလက်ရာများကို ထုတ်ဖော်ပြနေ

 

ထိုကဲ့သို့ တူးဖော်မှုများထဲမှ မြေမီးဖုတ်မြေထည်ရုပ်ကြွများသည် သရေခေတ္တရာပျူမြို့ဟောင်း၌ ကြွယ်ဝစွာတွေ့ရှိရသည်။ ထိုမြေမီးဖုတ် မြေထည်ရုပ်ကြွထဲတွင်မှ သရေခေတ္တရာမြို့ဟောင်းအတွင်း ကုလားကန်ကျေးရွာအနီးရှိ ဦးခင်ဘကုန်းမှ ရရှိသော ရုပ်ကြွများသည် ပျူခေတ်ကာလ၏ အနုလက်ရာများကို ထုတ်ဖော်ပြနေသော အရာများပင်ဖြစ်သည်။ ထို့ပြင်မသီးကျကုန်း (ခေါ်) ဂွေးပင်တက်ကုန်းမှ ရရှိသော မြင်းစီးရုပ်ကြွသည်လည်း တစ်မျိုးတစ်ဖုံ ထူးခြားမှုရှိကြသည်။ ဦးခင်ဘကုန်းမှ တွေ့ရှိရသော မြေမီးဖုတ်များ၌ ရသေ့ပုံစံရုပ်ကြွ၊ မြင်းရုပ်၊ ခြင်္သေ့ရုပ်နှင့် ပွတ်လုံးတိုင်ပုံစံများ၊ ဖရုံသီးပုံစံများအပြင် အနုလက်ရာလှပသော ပန်းအမွမ်းများကိုပါ တွေ့ရှိရသည်။ ထို့ပြင် ပေးကမ်းနေသော အမျိုးသမီးမတ်ရပ်ပုံစံ မြေမီးဖုတ်ချပ်တစ်ချပ်နှင့် အောက်မှ လူတစ်ဦးက တောင်းခံနေသည့်ဟန်နှင့် လက်ချနေသည့် လူတစ်ဦးတို့သည် ပလ္လင်ပေါ်တွင် လာလိတာသန(မင်းထိုင်ပုံစံ) ထိုင်နေသောသူတစ်ဦးကို မော်ဖူးနေသည့်ဟန်ရှိသော ကျောက်ချပ်တို့ကို တွေ့ရှိရသည်။ ယခုအချိန်အထိ ထိုပုံတို့မှာ မည်သူတို့၏ ပုံများဖြစ်နိုင်သည်ကို ပညာရှင်များ လေ့လာနေကြဆဲ ကာလဖြစ်သည်။

 

ပျူတို့၏ စိတ်ကူးစိတ်သန်းတို့မှာ များစွာထူးခြားသည့်အပြင် ပဟေဠိဆန်ကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။ ၎င်းတို့၏ ဝတ်စား ဆင်ယင်မှုများနှင့် အဆင်တန်ဆာတို့ကိုလည်း နောင်လာနောက်သားများ သိရှိစေလိုရင်း ရည်ရွယ်ချက်ရှိခဲ့ဟန်လည်း တူပေသည်။ ထိုရုပ်ကြွများသည် အေဒီ(၅-၆)ရာစုလောက်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို တူးဖော်မှုမှ တွေ့ရှိရသော အခြားအထောက်အထားများနှင့် နှိုင်းယှဉ်မှုအရ လေ့လာသိရှိနိုင်ပေသည်။ သရေခေတ္တရာ မြို့ဟောင်းကြီး၌လည်း မြေမီးဖုတ်အုတ်ခွက်ဆင်းတုများ၊ မြေမီးဖုတ်အုတ်ချပ်များလည်း ကောင်းစွာထွန်းကားလျက် ရှိပါသေးသည်။

 

ထို့ကြောင့် သရေခေတ္တရာပျူလူမျိုးတို့သည် ခမ်းနားကြီးကျယ်ခဲ့သလောက် ဘဝအနေအထိုင်မှာလည်း ရိုးရှင်းစွာ နေထိုင်ခဲ့ကြနိုင်ပေသည်။ ကျောက်ဆစ်လက်ရာများ ထွန်းကားခဲ့သလို သံထည်၊ ကြေးထည်များလည်း ထွန်းကားခဲ့သည်။ ထို့ထက် မြေမီးဖုတ်မြေထည် ရုပ်ကြွယဉ်ကျေးမှုများလည်း မြို့ဟောင်းတစ်ခုလုံးတွင် ထင်ထင်ရှားရှား တွေ့ရှိနေရဆဲဖြစ်သည်။ ထိုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားခဲ့ရာ ပျူတို့၏ အကြီးဆုံး မြို့တော်ဟောင်းကြီးဆီသို့ အကြောင်းတရားညီညွတ်ပါက တစ်ခါတစ်ခေါက် အရောက်လှမ်း၍ အမျိုးသား ယဉ်ကျေးမှုကြီးကို မျက်ဝါးထင်ထင် ရှုမြင်လှည့်ကြစေလို ကြောင်း တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။