မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၂၄

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တို့မှတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စာတမ်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်ခရိုင်နှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက စားရေရိက္ခာအသားက ဏ္ဍဖူလုံမှု တိုးတက်ရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် မွေးမြူရေး ထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်း နည်းပညာဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသ နဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့အတွက် သုတေသီများ ပညာရှင်များအနေဖြင့် အဆင့်မြင့်နည်းပညာ အသစ်များ လေ့လာဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းမှုနှင့်အတူ ဆက်စပ်ဌာနများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းပါဝင်သည့် လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများကို တပါတည်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် စာတမ်းရှင်များက စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကြပြီး မွေးမြူရေးဆိုင်ရာ ပြခန်း ပြကွက်များကို ကြည့်ရှုအားပေးကြသည်။

အစီအစဉ်ဒုတိယပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က စာတမ်းဖတ်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စာတမ်းဖတ်ပွဲ အကဲဖြတ် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စာတမ်းရှင်များက သုတေသန စာတမ်းများ တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများက မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကာ စာတမ်းဖတ်ပွဲ ပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့သည်။

စာတမ်းဖတ်ပွဲတွင်ဌာနမှ ဆောင်ရွက်လျက်ရှိသောတိရစ္ဆာန်များ မွေးမြူ ထုတ်လုပ်ခြင်းဆိုင်ရာ စစ်တမ်းများ၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ တိရစ္ဆာန်မွေးမြူမှုအခြေအနေ လေ့လာသုံးသပ်ချက်စာတမ်း၊ မျိုးဗီဇ ဆိုင်ရာ၊ တိရစ္ဆာန် အစာအဟာရဗေဒ၊ သိုး ဆိတ်မွေးမြူရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ ရောဂါစူးစမ်း ရှာဖွေထောက်လှမ်းခြင်း၊ တစ်ခုတည်းသော ကျန်းမာရေး ဆိုင်ရာနှင့် ပဋိဇီဝဆေးဆိုင်ရာ သုတေသနများနှင့် သက်ဆိုင်သည့်စာ တမ်းများကို အတွေ့အကြုံ ကောင်းရှိသူ စာတမ်းရှင်များနှင့် မျိုးဆက်သစ်လူငယ် စာတမ်းရှင်များက ဧပြီ ၂၄ ရက်နှင့် (၂၅) ရက်တို့တွင် စာတမ်း (၃၁)စောင်ကို ဖတ်ကြားတင်သွင်း သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်