နေပြည်တော် ဧပြီ ၂၇

မွေးမြူရေးထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ကျင်းပသည်။

အစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ မြန်မာနိုင်ငံဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြည်သူများ၏ စားသောက်မှုစနစ် ပြောင်းလဲလာမှုနှင့်အတူ အသားစားသုံးမှုတိုးတက်လျက်ရှိရာ အစားအစာဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အသားငါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် မွေးမြူရေးဆိုင်ရာ တိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှုမြင့်မားရေးနှင့် အရည်အသွေးကောင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ယခုထက် များစွာလိုအပ်လျက်ရှိရာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် အထူးပြုဘာသာရပ်အလိုက်၊ နည်းပညာရပ် တစ်ခုချင်းအလိုက် ထူးချွန်သူများ ပေါ်ထွန်းလာရေးအတွက် စူးစူးစိုက်စိုက် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်  စည်းဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် လျာထားချက်၊  မွေးမြူရေးထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ဆေးပညာလောက တိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် ဦးစားပေး အလိုက်လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်