စစ်တွေ ၂၆ မတ်

မြေပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံနှင့် လူသုံးကုန် ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြေပုံမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဘစောက သင်တန်းတွင်သင်ကြားမည့် အစီအစဉ်များနှင့် လက်တွေ့နယ်ပယ်တွင် အထောက်အကူပြုသည့် ပညာရပ်များဖြစ်သည့်အတွက် စိတ်ဝင်တစား လိုက်နာသင်ယူကြရန် ပြောကြားသည်။

အဆိုပါသင်တန်းတွင် သစ်သီးဝလံနှင့် လူသုံးကုန်ထုတ်လုပ်နည်းအမျိုးအစား ၂၃ မျိုးကို ၁၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာ ၆ ရွာမှ သင်တန်းသူ ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)