နေပြည်တော် ဇူလိုင် ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာသိန်းအောင် ကျော်၊ ဒေါက်တာရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်များ ဖြစ်ကြသော ဒေါက်တာနိုင်လင်းဦး၊ ဒေါက်တာကျော်လင်းလင်း တို့နှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swiss Spine Foundation မှ ကျောရိုးခွဲစိတ် ဆရာဝန် ပါမောက္ခဒေါက်တာကံမင်းတို့ ပူးပေါင်း၍ ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ (Scoliosis) လူနာ (၁၂)ဦးကို  ခါးရိုး ပြန်လည် တည့်မတ် ကုသခြင်း (Pedicle Screws and Rods Posterior Fixation)ကို အောင်မြင်စွာ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို ခုတင်(၃၀၀)ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်မှ ကျောရိုးခွဲစိတ် အထူးကုဆရာဝန်များကိုယ်တိုင် လုပ်ဆောင်၍လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကို ဖိတ်ခေါ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျှမ်းမျှ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ခါးရိုးကောက်သောရောဂါလူနာ (၂၀၀)ကျော်ကို အောင်မြင်စွာ ခွဲစိတ် ကုသပေးခဲ့ပြီး ဖြစ်သည်။

မွေးရာပါခါးရိုးကောက်သောရောဂါ (Scoliosis)ကို ငယ်ရွယ်စဉ်အချိန်တွင် ဆောလျင်စွာ ကုသမှုခံယူပါက ပိုမို၍ ကျောရိုးကွေးကောက်လာခြင်း မဖြစ်နိုင်တော့ဘဲ  ကုသမှုခံယူပြီး ပါက ပြန်လည်၍တည့်မတ်နေသော ကျောရိုးကြောင့် ငယ်ရွယ်စဉ်အချိန်ကာလများတွင် ရှက်ရွံ့အားငယ်မှုများ ကင်းဝေးစေပြီး မိမိကိုယ်ကို ယုံကြည်စွာဖြင့် လှုပ်ရှားသွားလာနိုင်စေ မည်ဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါတွင် ကျောရိုးကျီးပေါင်းရောဂါ ဖြစ်ပေါ်လာစေ မှုမှ သက်သာစေမည်ဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံသား ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် Swiss Spine Foundation တို့ ပူးပေါင်းဆောင်ရွက်၍ နည်းပညာရပ်များဖလှယ်နိုင်မှုမှတစ်ဆင့် ခက်ခဲသောကျောရိုးပိုင်းဆိုင်ရာ ရောဂါများကို နိုင်ငံတကာအဆင့်မီအောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခြင်းနှင့် ကျောရိုးခွဲစိတ်ကုသမှုနည်းစနစ်နှင့် အသိပညာများ အစဉ်အမြဲဖွံဖြိုးတိုးတက်စေခြင်းတို့ကို ရရှိစေမည်ဖြစ်သည်။

ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးတို့တွင်လည်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး၌ ခါးဆစ်ကျွံရောဂါများ၊ ခါးရိုးကျီးပေါင်းတက်ရောဂါများ၊ လည်ပင်းရိုးကျီးပေါင်းတက်ရောဂါများ၊ ခါးရိုးတီဘီရောဂါ များကို ကုသပေးလျက်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောရိုးထိခိုက်ဒဏ်ရာရလူနာ များကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်