mdn

ကိုရင်သြ - ရေးသားသည်

 

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ဖို့ ပဝါတစ်ကမ်း လက်တစ်ကမ်းအလိုသို့ အရောက်တွင် ဃရာဝါသကိစ္စများမြောင် ဤလူ့ဘောင်ဖြစ်တည်ရာ ကျွန်ုပ်တို့ ကမ္ဘာကြီး ဖြတ်သန်းခဲ့မှု တစ်နှစ်တာကာလကို ခြင်္သေ့လည်ပြန် ပြန်လည်ငဲ့စောင်းကြည့်ရန် အချိန်တန်ပြန်ပေါ့ဟု ကျွန်ုပ်တွေးတော ဆင်ခြင်မိရင်း နိုင်ငံတကာ သတင်းပုံရိပ်လွှာ များကို ပြန်ပြောင်းသုံးသပ်မိလေ၏။

 

“ကြာရိုး ကြာစွယ်ကိုမြင် ရေတိမ်ရေနက်ကိုသိ”ဟူဘိသို့ပင် နိုင်ငံတကာ သတင်းပုံရိပ်လွှာများကို တွေးဆဆင်ခြင်မိရုံမျှဖြင့် ကမ္ဘာကြီး၏ တောင်းဆိုးနှစ်ထွေဖြစ်ရပ်များကို ထင်ထင်လင်းလင်း သိမြင်နိုင်၏။ “ခဏဖြစ် လျက် ခဏပျက်၏” ဟူဘိသို့ပင် ကောင်းဆိုး နှစ်ထွေ လောကဓံတရားမှာ ကာလအတိုင်း အတာတစ်ခုကို လွန်မြောက်လေသော် “အကောင်းလောကဓ”ပင်ဖြစ်စေ “အဆိုးလောကဓံ”ပင်ဖြစ်စေ “အရာရာသည် မတည် မြဲ၊ အခိုက်အတန့်မျှသာ”ဟူသော သဘော တရားက ကျွန်ုပ်၏ အတွေးလှိုင်းပေါ်တွင် တငြိမ့်ငြိမ့် တသိမ့်သိမ့်ဖြတ်သန်းသွားသော လှေငယ်ပမာ နိမိတ်ပုံဖော်ဆောင်မိ၏။

 

ဆူကြုံနိမ့်မြင့် အဆင့်ဆင့်

 

ဆူကြုံနိမ့်မြင့် အဆင့်ဆင့်ရှိသော ဤလောကီဝယ် မိမိတို့၏အသီးသီး အသက အသကဖြစ်သော ဘဝအတွေ့အကြုံများ အပေါ်အခြေခံကာ ၂၀၁၉ ခုနှစ်ကို ငြီးစီစီဖြင့် ပြန်လည်ရှုမြင်နိုင်သကဲ့သို့ တယောလေးချွဲ သလို ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ပျော့ပျောင်းဖွဲ့နွဲ့ ပြန်လည်သုံးသပ်နိုင်သူများလည်း ရှိပေအံ့။

 

“ဓာတ်ခိုက်ကလည်းရှိနတ်ကိုင်ကလည်း "သည့် ဤလူ့ဘဝကြီးထဲ အဆိုးသံသရာ အတွင်းမှ ရုန်းမထွက်နိုင်ကြဘဲ ၂၀၁၉ ခုနှစ် ကို တလိမ့်လိမ့်နှင့် ငိုရှိုက်ဖြတ်သန်းခဲ့ကြရသူ များရှိသကဲ့သို့ နိုင်သူဖြိုး၊ရှုံးသူမှိုင်သူများလည်း ရှိပေလိမ့်မည်။

 

ထိုနည်းတူစွာပင် “နှိုင်းနှိုင်းညှိညှိပညာရှိ” ပမာ ဆောင်ရွက်ကာဖြင့် ကံ၊ ဉာဏ်၊ ဝီရိယ အကျိုးခံစားရသူများလည်း ရှိမည်သာတည်း။

 

ထိုစဉ်အတွင်း “ငတ်နှင့် ကောက်ရိုး ဆွေး”အသွင်ဖြင့် ဘဝကို ဖြတ်သန်းရသူများ။ ခလောက်သာမြည် နှမ်းမရသူများ၊ နှစ်သက်ရာပီတိ စိတ်မချိရာဒေါသဖြင့် ဘဝကို ဖြတ်သန်းရသူများ၊ နှလုံးသားနှင့်အတူ ကြည်ဖြူစွာလက်တွဲ အတူမခွဲလျှောက်လှမ်း ရသူများ၊ “ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး” ဆုံတွေ့ရသူများ၊ ပိန်ရသည့် အထဲ နာတာရှည်စွဲရသူများ၊ ပုပ်လို့ပေါ် ဟုတ်လို့ကျော်သူများ၊ပွေးထူရာ နူနာစွဲသူများ၊ ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက် တော့ ရတက်သူများ၊ မကောင်းသူထိပ် ကောင်းသူထိပ်ကြုံရာကျပန်း ဖြတ်သန်းရသူများ၊ “ယောကျာ်းတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်းရမြဲတမ်း”ဟူဘိသို့ ရည်မှန်း ချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်သူများ အစရှိ သည် အစရှိသည်ဖြင့် လူပုဂ္ဂိုလ်ဝေနေယျ အပေါင်း၏ ၂၀၁၉ ခုနှစ် တစ်နှစ်တာကို တစ်ဦး နှင့်တစ်ဦး ဖြတ်သန်းရပုံချင်း တစ်မူကွဲပြားခြား နားစွာ ရှိနေပုံကိုလည်း ကျွန်ုပ်တွေးဆဆင်ခြင်ပုံရိပ်ထင်မိ၏။

 

လောကဓံစစ်ပွဲ

 

“အိမ်မြှောင်အမြီးပြတ် တဆတ်ဆတ်ခါ သလို” လောကဓံစစ်ပွဲကို တစ်ပွဲပြီးတစ်ပွဲ ဆင်နွှဲနေကြရသည့် လူ့လောကကြီးထဲ ၂၀၁၉ ခုနှစ်၏ ရှုပ်ရှုပ်ထွေးထွေးဖြစ်မှု၊ ကစဉ့်ကလျား ဖြစ်မှု၊ မရေရာမှု၊ ရောထွေးမှု၊ ကပ်ငြိမှု၊ အုပ်မနိုင်ထိန်းမရ ဝရုန်းသုန်းကားဖြစ်မှု၊ ဇဝေ ဇဝါဖြစ်မှုတို့ကို နှစ်သစ်ကူးချိန်တွင် ခဏတာမျှ မေ့မေ့ပျောက်ပျောက်ထားကာ၂၀၁၉ ခုနှစ်၏ အထူးခြားဆုံး ကမ္ဘာ့သတင်းများ အသို့ရှိပါစဟု ကျွန်ုပ်စေ့ငု လေ့လာကြည့်လေသော်၂၀၁၉ ခုနှစ်အတွင်း အထူးခြားဆုံး နိုင်ငံ တကာဖြစ်စဉ်များအနက် ထိပ်တန်းမှ နေရာ ယူထားသည်မှာ အမေရိကန်-တရုတ် မဟာ ဗျူဟာမြောက် ယှဉ်ပြိုင်မှုအရှိန်အဟုန်မြင့် တက်လာခြင်းဖြစ်သည်။

 

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာအရ တုဖက်ပြိုင်မှုသည် မကြုံ စဖူးထူးထူးကဲကဲ အရှိန်ရလာ၏။ ကုန်သွယ် ရေးမှသည် နည်းပညာနှင့် စစ်ရေးတို့အထိ နှစ်ဦးသား အားပြိုင်နေကြ၏။ တရုတ်နိုင်ငံက ယင်း၏ ငွေကြေးကို ထိန်းချုပ်ကိုင်တွယ်ခြင်း ဖြင့် ငွေကြေးစစ်ပွဲတစ်ရပ် ဖန်တီးနေသည်ဟု အမေရိကန်က စွပ်စွဲခဲ့၏။ ကမ္ဘာကြီး၏ စီးပွားရေးကို တုန်ခါစေသည်အထိ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးအရ စစ်ခင်းခဲ့ကြ၏။ ၁၈ လကြာမျှ တစ်ဦး၏ကုန်ပစ္စည်းများကို တစ်ဦးက ကုန်သွယ်စည်းကြပ်ခွန်များ အဆမတန်ကောက်ခံခြင်းဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြ၏။

 

သို့ဖြစ်စေကာမူ ယခုနှစ် ဒီဇင်ဘာလ အတွင်း အမေရိကန်နှင့် တရုတ်တို့ ပဏာမ သဘောတူညီချက်တစ်ရပ်ကို ကြေညာနိုင်ခဲ့ ကြသည်။ သို့ရာတွင် နှစ်နိုင်ငံအကြား ဆက်လက်ဖြေရှင်းကြရဦးမည့် ဝါဏိစ္စအငြင်း ပွားမှုကြီးက ကျန်ရစ်နေသေးသည်။

 

“ခွဲရေး"ကိစ္စ

 

၂၀၁၉ ခုနှစ်အတွင်း ခယောင်းလမ်းနှင့် ဆူးခင်းတောကို ဖြတ်သန်းရသည့် နိုင်ငံ တစ်နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်သည်။ ထိုနိုင်ငံ အပေါ် ဖိစီးနေသော အတားအဆီးတစ်ရပ် မှာ ဥရောပသမဂ္ဂမှ ယင်းနိုင်ငံနုတ်ထွက်ရေး ကိစ္စဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင်မူ ကွန်ဆာဗေးတစ်ပါတီက “သောင်ပြို ကမ်းပြို” အနိုင်ရရှိခဲ့ရာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်မှာ “ခွဲရေး”ကိစ္စနှင့်ပတ်သက်၍ အပေါ်စီးမှ ရပ်တည်သွားနိုင် ပေတော့မည်။

 

အစောပိုင်းတွင် “ခွဲရေး”ကိစ္စ သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့သဖြင့် ဝန်ကြီးချုပ် ထရေဇာမေမှာ ရာထူးမှပင် နုတ်ထွက်သွား ခဲ့ရသည်။ ဝန်ကြီးချုပ် ဂျွန်ဆင်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အထိ “ခွဲရေး” အချိန်ဇယားသတ်မှတ်ချက် သက်တမ်းတိုး ပေးရန် မေတ္တာရပ်ခံခဲ့ပြီး သဘောတူညီချက် မယူဘဲ ခွဲထွက်ခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲကြီးကို ပုံမှန်သတ် မှတ်ကာလထက်စော၍ ခေါ်ယူခဲ့ရာ ဝန်ကြီး ချုပ် ဂျွန်ဆင်မှာ ရှေ့သို့တစ်ဆင့်လှမ်းရန် လမ်းပွင့်သွားခဲ့ပေပြီ။

 

၂၀၁၉ ခုနှစ်အတွင်း အထူးခြားဆုံးဖြစ်စဉ် တစ်ရပ်မှာ အမေရိကန်ဗဟိုဘဏ်၊ ဂျပန်ဗဟို ဘဏ်နှင့် ဥရောပဗဟိုဘဏ်တို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အဓိကဗဟိုဘဏ်များက အတိုးနှုန်းများကို အသီးသီး ဖြတ်တောက် လျှော့ချပေးခဲ့ကြခြင်းဖြင့် ကမ္ဘာ့စီးပွားရေး သမိုင်းတွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခြင်း ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး တိုးတက်လာစေရေးနှင့် စီးပွားရေး ထိုင်းမှိုင်းမှုမှ တားဆီးနိုင် စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ကြ ခြင်းဖြစ်သည်။

 

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း တထိတ် ထိတ်တလန့်လန့်ဖြစ်ခဲ့ရသော သတင်းဖြစ်စဉ်မှာ အရှေ့ အလယ်ပိုင်းဒေသအရေး တင်းမာ မှုများဖြစ်သည်။ ပင်လယ်ကွေ့၌ ရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အီရန်နိုင်ငံရှိနေသည်ဟု အမေရိကန်က စွပ်စွဲခဲ့ပြီးနောက် ယင်းဒေသတွင် ကြိုတင် ဟောကိန်းထုတ်ခြင်းငှာ မစွမ်းသာသော အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ဆော်ဒီ အာရေဗျနိုင်ငံရှိ ပင်မရေနံချက်စက်ရုံကြီး။ နှစ်ရုံတိုက်ခိုက်ခံရသည့် ဖြစ်စဉ်အရလည်။ အမေရိကန်နှင့် အီရန်တို့ တင်းမာခဲ့ကြရပြီ။ အီရန်အပေါ် စီးပွားရေးဒဏ်ခတ်မှုများ၊ ပြုလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ လက်ထောက်များကို ညွှန်ကြားခဲ့သည်။

 

ချောက်နှုတ်ခမ်းပါး

 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ ၌ တရားခံလွှဲပြောင်းပေးအပ်ရေး ဥပဒေကြမ်း ကို ကန့်ကွက်ကြရာမှ လူထုဆန္ဒပြပွဲများ ခြောက်လကြာမျှ အတောမသတ်ဖြစ်ပွားခဲ့သည်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဇွန်လတွင်စတင်ခဲ့ပြီ။ ဒီမိုကရေစီအရေးတောင်းဆိုသံများ ထွေးရောယှက်တင်ဖြစ်လာခဲ့ရာ ဒေသဆိုင်ရာ လူမှုရေးနှင့် စီးပွားရေးအကျပ်အတည်း ဆိုက်မှုတည်းဟူသောချောက်နှုတ်ခမ်းပါးသို့ ရောက်လုဆဲဆဲ အနေ အထားအထိ ရှိခဲ့ရသည်။

 

၂၀၁၉ ခုနှစ် ဇွန်လသည် နှစ်ပေါင်း ၁၄၀ ကြာကာလအတွင်း အပူပြင်းဆုံးလတစ်လ အဖြစ် ကမ္ဘာ့မှတ်တမ်း ဝင်ခဲ့သည်။ ဥရောပတိုက်၏ နွေရာသီမှာ အပူလွန်ကဲခဲ့သလို ဩစတြေးလျတိုက်၏အပူချိန်မှာလည်း စံချိန် တင်မြင့်တက်ခဲ့သည်။ ကမ္ဘာကြီး၏ “အဆုတ်” အဖြစ် တင်စားသမှုရှိသော အမေဇုန်မိုးသစ်တောကြီး ပျက်စီးမှုကို အကြီးအကျယ်ဖြစ်ပေါ်စေသော တောမီးလောင်မှုများ ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်အတွင်း တစ်နှစ်လျှင် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ် စတစ်အမှိုက်တန်ချိန် ၁၃ သန်းအထိ ဝင်ရောက်လာနေသည်ဆိုသော သတင်းဆိုင်မှာလည်း ကြားရသူ။ဝမချမ်းသာဖြစ်စေသည်။ သို့ရာတွင် မကြာသေးမီက စပိန်နိုင်ငံတွင် COP25 ဟုခေါ်တွင်သော ကုလသမဂ္ဂရာသီ ဥတု ပြောင်းလဲမှု ချိန်ညှိရေးညီလာခံကြီးကိုကျင်းပနိုင်ခဲ့သည်။ သို့ရာတွင် အမေရိကန်၏  ကန့်ကွက်မှုကြောင့် ပါရီသဘောတူညီချက် အကောင်အထည်ဖော်ရေး လမ်းပြမြေပုံ ဆိုင်ရာ သဘောတူညီချက်အတည်မပြုနိုင်ဘဲ ဖြစ်ခဲ့ရသည်။

 

နိုဝင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသော အာဆီယံ ထိပ်သီးညီလာခံတွင် RECP (ဝါ) ဒေသဆိုင်ရာ အလုံးစုံစီးပွားရေးမိတ်ဖက်ပြုရေး သဘော တူညီချက်နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများ၊ ပြုလုပ်နိုင်ခြင်းသည်ကား ကျွန်ုပ်တို့အတွက် သတင်းကောင်းတစ်ရပ်ဖြစ်ခဲ့သည်။

 

အသံဗလံပေါင်းစုံ ပေါ်ထွက်လေ့ရှိသော၊ ဖွလေ့ချလေ့ရှိသော အွန်လိုင်းပလက်ဖောင်း ပေါ်တွင် သတင်းအတုအယောင် တားဆီးရန် ရည်ရွယ်လျက် ပြင်သစ်၊ ဗြိတိန်နှင့် အိန္ဒိယ နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံ ၂၀ တို့က စက်တင်ဘာ ၂၆ ရက်တွင် သဘောတူညီချက် တစ်ရပ် ရရှိခဲ့ခြင်းမှာလည်း သတင်းကောင်း တစ်ရပ်ပင်ဖြစ်သည်။ စင်ကာပူနှင့် ရုရှားနိုင်ငံ တို့အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် သတင်းအတုအယောင်တိုက်ဖျက်ရေး ဥပဒေ များကို ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမှာလည်း ထူးခြားလှပေသည်။

 

“တွင်းနက်ကြီး”

 

၂၀၁၉ ခုနှစ်အတွင်း သိပ္ပံရေးရာအောင် မြင်မှုတစ်ရပ်မှာ ကျွန်ုပ်တို့၏ ကမ္ဘာကြီးမှ အလင်းနှစ် ၅၅ သန်းခန့်အကွာတွင် M87 ဟု အမည်ပေးထားသော အဝေးရောက် “နဂါး ငွေ့တန်” တစ်ခုအတွင်း “တွင်းနက်ကြီး” တစ်တွင်းကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ ခဲ့ကြသည်။ ယင်း “တွင်းနက်ကြီး”မှာ နေ၏ အရွယ်အစားထက် ၆ ဒသမ ၆ ဘီလီယံဆ ကြီးမားလှသည်ဟု သည်းထိတ်ရင်ဖိုဖွယ်ရာ မှတ်သားရသည်။ ဧပြီ ၁၀ ရက်တွင် တွင်းနက်ကြီး၏ရုပ်ပုံလွှာကို ကမ္ဘာ့ရေဒီယို တယ်လီစကုတ်စနစ်က ပထမဆုံးအကြိမ် ထုတ်ပြန်ပေးနိုင်ခဲ့သည်။

 

၂၀၁၉ခုနှစ်အတွင်း မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏အဏုမြူဆွေးနွေးပွဲ ရပ်တန့် နေမှု၊ အမေရိကတိုက်အလယ်ပိုင်းတွင် အလုံး။ အရင်းဖြင့် ရွှေ့ပြောင်းအခြေစိုက် နေထိုင်သူ များ တိုးပွားလာမှု၊ ဟိန္ဒူအမျိုးသားရေးဝါဒ တစ်စခန်းထကာ အိန္ဒိယနိုင်ငံ၌ နိုင်ငံသာ။ ဥပဒေသစ်ပြဋ္ဌာန်းရာမှ ဆန္ဒပြပွဲများဖြစ်ပွား။ မှု၊ ဆီရီးယာကော့ဒ်မျိုးနွယ်စုအား အမေရိကန်က ထောက်ခံခြင်း အဆုံးသတ်လိုက်မှု၊ အမေရိကန်အောက် လွှတ်တော်က သမ္မတ ထရမ့်အား စွဲချက်တင်ပြစ်တင်ကြားနာမှု၊ ကမ္ဘာတစ်ဝန်း ဆန္ဒပြပွဲများ အတောမသတ် ဖြစ်ပွားမှုတို့ကိုလည်း ကျွန်ုပ်တွေ့မြင်ခဲ့ရသည်။

 

 

“ဇမ္ဗူဒိပ် နိမိတ်ထွန်း”

 

တစ်ပုံတစ်ပင် ကမ္ဘာ့သတင်းလွှာများမှ သတင်းအချို့ကို ကောက်နုတ်လေ့လာ ကြည့်ပြီးသော် ကျွန်ုပ်တို့အနေဖြင့် “ဇမ္ဗူဒိပ် နိမိတ်ထွန်”ဟူဘိသို့ လာမည့်နှစ်ကို ကောင်း မြတ်သော စိတ်မနောဖြင့် ဖြတ်သန်းနိုင်ကြဖို့ အားမာန်သစ်မွေးရန် လိုအပ်လိမ့်မည်ဟု တွေးဆဆင်ခြင်မိ၏။ ဘဝ၏ပုစ္ဆာများကို အဖြေရှာရင်။ ကိုယ်ချင်းစာနာစိတ်ကို မွေးရင်း၊ ရှေ့ဆက်ရမည့်လမ်။ မည်မျှပင် ကြမ်းကြမ်၊ မရောက်အရောက်လှမ်းမည် ဆိုသော ခိုင်ကျည်သည့် သန္နိဋ္ဌာန်နှင့်အတူ ရှေ့လာမည့် နှစ်သစ်ကို ပျော်ရွှင်စွာ ကျော် ဖြတ်ကြဖို့၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြင့် ဘစ်လှေတည်းစီ၊ တစ်ခရီးတည်း သွားကြဖို့၊ ဘဝခရီးသွားဖော်များအဖြစ် တစ်ဦးနှင့်တစ်ဦး။ မေတ္တာထားကြလျက် နှစ်သစ်ကိုဆက်လက် လျှောက်လှမ်းကြဖို့ လိုအပ်သည်ဟု ကျွန်ုပ်တွေးတောမိရင်း “မေတ္တာလေနုအေး နှစ်သစ် ကိုပြေးလို့ကြို”ဟု ကျူးရင့်မိပါသတည်း။ ။