မန္တလေး ၁၀ ဧပြီ
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်သို့ သင်္ကြန်ကာလအတွင်း သရုပ်ပျက် ဝတ်စားဆင်ယင်မှုနှင့် မူးယစ်သောက်စားသူများ မဝင်ရောက်စေရေး လုံခြုံရေး ဝန်ထမ်းများဖြင့် အထူးကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော်ဂေါပကအဖွဲ့ မှ သိရသည်။
သင်္ကြန်ကာလအတွင်း မဟာမုနိရုပ်ရှင်တော်သို့ ရေစိုဝတ်များဖြင့် ဝင်ရောက်ခြင်း၊ သောက်စားမူးယစ်၍ လာရောက်ခြင်း၊ သရုပ်ပျက် အဝတ်အစားများဖြင့် ဝင်ရောက်ခြင်းတို့ကို အထူးတားမြစ် သွားမည်ဖြစ်ရာ လုံခြုံရေးဝန်ထမ်းများဖြင့် စောင့်ကြည့်တားမြစ်သွားမည်ဖြစ်သည်။
" ဘုရားဖူးလာတဲ့ သူတွေကို မူးယစ်ရမ်းကားပြီး အနှောင့်အယှက် ပေးနိုင်တယ် အဲ့တာတွေ မဖြစ်စေဖို့ လုပ်ဆောင်သွားမယ်။ နောက်ပြီး ရင်ပြင်တော် မညစ်ပတ်စေဖို့ပါ။ ရေစိုနေရင် လုံးဝ ဝင်ခွင့်မပြုပါဘူး။ သေချာစောင့်ကြည့် တားမြစ်မှာပါ " ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
မဟာမုနိရုပ်ရှင်တော်တွင် ဘောင်းဘီတို၊ ဘောင်းဘီရှည်များ၊ သရုပ်ပျက် အဝတ်အစားများဖြင့် ဘုရားပလ္လင်ပေါ်တက်ပြီး ရွှေချခွင့်ကိုလည်း တားမြစ်ထားသည်။
မဟာမုနိရုပ်ရှင်တော်၌ သင်္ကြန် အကြိုနေ့တွင် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းကို သံဃာ ၂၁၆ပါး ပင့်ဖိတ်၍ ရွတ်ဖတ်သွားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် မဟာမုနိ ရုပ်ရှင်တော်၌ စတုဒိသာ ကျွေးမွေးသည့် ကုသိုလ်ရှင်များဖြင့် စည်ကားလေ့ရှိကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရသည်။
သူရိန်လင်း


