မန္တလေး ဧပြီ ၁၅

 

မြန်မာရိုးရာမဟာ သင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် မန္တလေးမြို့ နေရာအနှံ့အပြား၌ ရေပက်ကစားကြသူများ စတုဒိတာ ကျွေးမွေးလှူဒါန်းကြသူများ ကောင်းမူကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

အကြတ်နေ့တွင် မန္တလေးမြို့ ကျူံးအနောက်ဘက်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ ရေကစားမဏ္ဍပ်များ၏ တီးဆိုဖျော်ဖြေမူများတွင် ရေပက်ခံရင်း မြူးထူးပျော်ရွင်စွာ ကခုန်လျက်ရှိသည့်အပြင် ကျူံးတောင်ဘက်အခြမ်း၌ ကျင်းပလျက်ရှိသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်၌ ဒေသခံပြည်သူများ သာမက ပြည်တွင်းပြည်ပခရီးသွားများလည်း ပါဝင်ဆင်နွှဲကြသည့်အတွက် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်။

 

mdn

 

"မန္တလေးမြို့ လမ်းလျှောက် သင်္ကြန်ပွဲတော်ကတော့  ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေနဲ့ ရှိပြီး ပြင်ဆင်ကျင်းပသွားတာ တွေ့ရတယ် ရေကစား မဏ္ဍပ်တွေ ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ ရေပတ်ခံရင်း စတုဒိတာ မဏ္ဍပ်တွေမှာ ကိုယ်စားခြင်းတဲ့ အစားစာတွေကို ဝင်တန်းစီရင်း စားလို့ရတယ်။ လမ်းလျှောက်ပြီး လည်ပတ်ရတော့ လွတ်လပ်ပေါ့ပါးပြီး အန္တရာယ်ကင်းပါတယ်"ဟု ပုသိမ်ကြီးမြို့နယ်မှ မိသားစုလိုက် ရေပတ်ခံထွက်လာသည့် ကိုဇင်လင်းထွန်း က ပြောကြားခဲ့သည်။

 

ထို့အပြင် ကျုံးအရှေ့ဘက်ခြမ်းတွင် ကျင်းပလျက်ရှိသည့် တောသင်္ကြန်ပွဲတော်တွင် နေ့ည ရောင်းချနေသည့် ဆိုင်ခန်းများတွင် တပျော်တပါး ဝယ်ယူစားသုံးနေကြသည့် သင်္ကြန် ချစ်သူများဖြင့် အထူးစည်းကားများပြားရှိသည့်အပြင် သင်္ကြန်အကြို့နေ့က ဖွင့်လှစ်လိုက်သည့် အဆင့်မြင့်တင်ပြုပြင်ထားသော် ကျုံးအရှေ့ဘက် အပန်းဖြေ လျှောက်လမ်းနေရာများတွင်လည်း အနားယူအပန်းဖြေနေသူများ အလှဓာတ်ပုံရိုက်ကူးသူများဖြင့် စည်းကားလျက်ရှိသည်။

 

mdn

 

ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် မဟာအောင်မြေမြို့နယ် မနော်ရမ္မံကွင်းရှိ တိုင်းရင်းသားသွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန် မဏ္ဍပ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာ အကအလှများ ယိမ်းအဖွဲ့များနှင့် သံချပ် အသင်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို လာရောက်အားပေး ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

သင်္ကြန်မွန်းလွဲပိုင်းတွင် မန္တလေးမြို့၏ ပူပြင်းသည့် အပူဒဏ်ကို ရှောင်လွှဲနိုင်ရန် သင်္ကြန်လည်ပတ်သူများသည် မန္တလေးမြို့တန်ခိုးကြီး ဘုရားများဖြစ်သော မဟာမုနိ၊ ကုသိုလ်တော်၊ စန္ဒာမုနိ ကျောက်တော်ကြီးဘုရား မန္တလေးမြို့တွင်းရှိ ဘုရားများနှင့် မြို့ပြင်ရှိ တောင်သမန် ဦးပိန်တံတား  မန္တလေးမြို့ အနီးရှိ သုံးမိုင် ငါးမိုင်ခြောက်မိုင် ခုနှစ်မိုင် နေရာများတွင် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြို့တွင်းလမ်းတစ်လျှောက် စတုဒိသာကျွေးမွေး လှူဒါန်းသူများကိုလည်း တွေ့ရသည်။

 

mdn

 

ညနေပိုင်းနှင့် ညပိုင်းတို့တွင် ကျူံးအရှေ့ဘက်ခြမ်းရှိ တောသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်သည့် ရုပ်သေးအက၊ ဆင်အကနှင့် ခြင်းအလှခတ်ပွဲများကို လာရောက်အားပေးကြည့်ရှုသူများ စည်ကားလျက်ရှိပြီး ကျုံးတောင်ဘက်ခြမ်းရှိ မြို့တော်မဟာသင်္ကြန်ပွဲ၌ တက္ကသိုလ် ခင်မြလွင်၊ ရှဲတေးဂီ အဖွဲ့တို့၏ တီးခတ်မှုများနှင့်အတူ အနုပညာရှင်များ နိုင်ငံကျော် အဆိုတော်များ ယိမ်းအဖွဲ့များ၏ တည်ဆိုကပြဖျော်ဖြေမှုများကို အားပေးကြည့်ရှုသူများဖြင့် တိုးမပေါက်အောင် အထူးစည်ကားလျက်ရှိသည်။

 

မင်းထက်အောင်၊ တင်မောင်( မန်းကိုယ်ပွား)