မန္တလေး ဧပြီ ၁၄

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကျနေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ဆောင်ရွက်ပေးထားသည့် မြန်မာ့ရိုးရာ လမ်းလျှောက်အတာအသင်္ကြန်များသို့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကား လျက်ရှိပြီး ထူးခြားဆန်းသစ်သည့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း တစ်ခဲနက် ပါဝင် ဆင်နွှဲကြသည်။ 

ထို့ပြင် ဘုရားစေတီပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာရေသဘင်ပွဲဆင်နွှဲကြသူများ၊ အထင်ကရနေရာများသို့ သွားရောက် လည် ပတ်ကြသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့်လည်း သင်္ကြန်ပွဲတော်၏ ပုံရိပ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။

နံနက်ပိုင်းမှစတင်၍  မဟာမုနိရုပ်ပွားတော်မြတ်ကြီး၊ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား စသည့် ဘုရားတို့တွင် တရားဘာဝနာအားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။
 
ယခုနှစ်တွင် အထူးအစီအစဉ်အဖြစ် ထည့်သွင်းထားသည့် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန်နှင့် ကျုံးတောင်ဘက်ခြမ်းရှိ (၂၆လမ်း၊ ၆၆လမ်း မှ ၇၈လမ်းအထိ) လမ်းလျှောက်သင်္ကြန်တို့၌လည်း သကြန်ဇုံများ၊ နိုင်ငံ ကျော်အဆိုတော်များနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေအနားယူနိုင်မည့် အစီအစဉ် ကောင်းများကိုထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ လာရောက်ပါဝင်ဆင်နွှဲသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ 

အလားတူ မန္တလေးကျုံးမြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတို့တွင်လည်း သင်္ကြန်ချစ်သူ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေများစုပေါင်း၍ ရေစုပ်စက်များဖြင့် သင်္ကြန်ရေ ပက်ခံကားများ၊ ဆိုင်ကယ်များကို တပျော်တပါး ပက်ဖြန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လူငယ်များ၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းနှင့် တစ်နိုင်တစ်ပိုင် စုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည့် မြင်ကွင်းသည်လည်း မြန်မာ့ရိုးရာအတာသင်္ကြန်၏ အလှကို ပိုမိုပေါ်လွင်စေခဲ့သည်။ 

မန္တလေးဈေးချိုတော်နာရီစင်အနီးတွင်လည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိ ယာအသင်းနှင့်တွဲဖက်၍ ဈေးချိုသူ ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်ထားပြီး သင်္ကြန်၏ အနှစ် သာရကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ သင်္ကြန်ချစ်သူ မန္တလေးမြို့သူ၊ မြို့သားများပျော်ရွှင်မြူးတူးလျက်ရှိသည့်အပြင် သိပ္ပံလမ်း ဆင်ဖြူကန် ကွင်းမြောက်ဘက်ရှိ ရွှေမန်းမြေ ရေကစားမဏ္ဍပ်၊ ဉီးပိန်တံတား အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်း မယ်ဇယ်ပင်တန်းရှိ ရေကစားမဏ္ဍပ်တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။ 

ထို့ပြင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော အမရပူရမြို့နယ်ရှိ ဉီးပိန်တံတား တောင်သမန် အင်းတို့၌လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။ 

ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်လက်ချမ်းသာအေးချမ်းပျော် ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။ 

သတင်း-မောင်အေးချမ်း
ဓာတ်ပုံ-Ai(Mdy)