ရန်ကုန် ၃ ဧပြီ

၁၃၈၀ ပြည့်နှစ်မဟာသင်္ကြန် ပွဲတော်ကာလ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဏ္ဍပ်အကြီး၊ အလတ်၊ လမ်းလျှောက်သင်္ကြန် နှင့် ရိုးရာသင်္ကြန်  စုစုပေါင်း ၃၅ ခု ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား)မှ သိရသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထား

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ထုတ်ပေးခဲ့ပြီး မတ် ၁ ရက်မှစ၍ လျှောက်လွှာများလက်ခံခဲ့ကာ မတ် ၂၈ ရက်အထိ လျှောက်လွှာထုတ်ယူ သည့် စောင်ရေ ၁၀၃ စောင်ရှိသည့်အနက်  လာရောက်လျှောက်ထားသည့် စောင်ရေ ၃၈ စောင်သာ ရှိကြောင်း သိရသည်။

မဏ္ဍပ်ကြီး ၁၃ ခု ခွင့်ပြု ယင်းတို့အနက် မြမာလာမဏ္ဍပ်(ပြည်လမ်း)၊ ရန်ကုန်သင်္ကြန်  ၂၀၁၉ (ပြည်လမ်း)၊ ပိတောက်ဝါ (ပြည်လမ်း)၊ ၁၉ လမ်းမိသားစုမဏ္ဍပ် (အနော် ရထာလမ်း)၊ အတာမိုး (Exodus) ပြည်လမ်း၊ ရွှေပိတောက် (ပြည်လမ်း)၊ စမ်းချောင်းရေကစား မဏ္ဍပ်(ပြည်လမ်း)၊ Forever Thingyan 2019 (အရှေ့ မြင်းပြိုင်ကွင်းလမ်း)၊ သာကေတမြို့နယ် ထွေ/အုပ်မဏ္ဍပ် (ဧရာဝဏ်လမ်းနှင့် မင်းနန္ဒာ လမ်းထောင့်)၊ နွေပိတောက်မဏ္ဍပ် (ရန်ကုန် တက္ကသိုလ်ကားပါကင်၊ တက္ကသိုလ်ရိပ်သာလမ်း)၊ မြို့တော်ဗဟိုမဏ္ဍပ် (မြို့တော်ခန်းမရှေ့ )၊ နှစ်သစ် ကူးရော့(ခ်) ဂီတပွဲတော်(မင်းဓမ္မလမ်း)၊ ဒဂုံ မြို့သစ် (တောင်ပိုင်း) ဗဟိုမဏ္ဍပ် (ပြည်ထောင်စု လမ်းသွယ်ထိပ်) စသော မဏ္ဍပ်ကြီး ၁၃ ကို ခွင့်ပြုထားကြောင်း သိရသည်။

မဏ္ဍပ်အလတ် ၁၆ ခုရှိ

ပေ ၅၀ မှ ပေ ၁၂၀ အထိရှိသော မဏ္ဍပ် အလတ်များမှာ ဆီဒိုးနားမဏ္ဍပ် (စက်မှု ၁ လမ်း)၊ အင်းစိန်မြို့နယ်  ထွေ/အုပ်မဏ္ဍပ် (လှိုင်မြစ်လမ်း)၊ ကြည့်မြင်တိုင်မြို့နယ် ထွေ/အုပ်မဏ္ဍပ် (ကမ်းနား လမ်း)၊ ဗိုလ်တထောင်မြို့နယ် ထွေ/အုပ် မဏ္ဍပ် (မဟာဗန္ဓုလလမ်းနှင့် ဘိုကလေးဈေး လမ်းထောင့်)၊ မင်္ဂလာဒုံမြို့နယ် ထွေ/အုပ် (ရန်ကုန်- ပြည်လမ်းဘေး)၊ ရိုးရိုးလေးမိသားစု (ဆရာစံလမ်း)၊ ပျော်ပျော်ရွှင်ရွှင်ရေကစား (သိမ်ဖြူလမ်း)၊ အလုံမြို့နယ် ဖျော်ဖြေရေးမဏ္ဍပ် (အထက(၅) အလုံကျောင်းရှေ့)၊ တန်ခူးရေ (ပြည် လမ်း)၊ စကိုင်းစတားဟိုတယ် မိသားစု မဏ္ဍပ် (အရှေ့ မြင်းပြိုင်ကွင်းလမ်း)၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဗဟိုမဏ္ဍပ် (အထက်ပန်းဆိုးတန်းလမ်း)၊ ရွှေပိတောက်ဖူး (ပါရမီလမ်း၊ လှိုင်)၊ ဒဂုံဆိပ်ကမ်း မြို့နယ်ထွေ/အုပ်မဏ္ဍပ် (ပဲခူးမြစ်လမ်းနှင့် ကျွန်း ရွှေဝါလမ်းထောင့်)၊ ပိတောက်ရွှေဝါ (ပြည်လမ်း)၊ ပုဇွန်တောင်မြို့နယ်မဏ္ဍပ် (ရေကျော်ဈေးရှေ့)၊ မြောက်ဥက္ကလာပမြို့နယ်မဏ္ဍပ် (သုဓမ္မာလမ်းမ ကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့) တို့ဖြစ်ပြီး မဏ္ဍပ် အလတ် စုစုပေါင်း ၁၆ ခုရှိကြောင်း သိရသည်။

ရခိုင်ရိုးရာသင်္ကြန်

ထို့ပြင် အင်းလျားလမ်း၊ မြကျွန်းသာ၊ ကန်တော်ကြီးပန်းခြံ၊ မဟာဗန္ဓုလပန်းခြံနှင့် ဦးဥတ္တမပန်းခြံ အစရှိသော နေရာငါးခုတွင် စတုဒိသာနှင့် လမ်းလျှောက်သင်္ကြန် များ ကျင်းပရန်နှင့် ရခိုင်ရိုးရာသင်္ကြန် ကို သုဝဏ္ဏဘောလုံးကွင်းဝင်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က မဏ္ဍပ်အကြီး ၃၅ ခုနှင့် မဏ္ဍပ် အလတ် ၈၃ ခု ခွင့်ပြုပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် မဏ္ဍပ်အကြီး ၁၃ ခုနှင့် မဏ္ဍပ်အလတ် ၁၆ ခုသာ ခွင့်ပြုပေးနိုင်သည့်အတွက် ယခုနှစ်တွင် ရေကစား မဏ္ဍပ်လျှောက်ထားမှုများ သိသာစွာ လျော့နည်း သွားသည်။

ထင်ပေါ်ဝင်း  (ကမာရွတ်)

 

mdn